Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » အပန်းဖြေနားရက်များ ၂­­­­­­

အပန်းဖြေနားရက်များ ၂­­­­­­

Written By kawknyaw on Monday, January 2, 2012 | 1/02/2012


Bagan Hotel (River View) ပုဂံဟိုတယ် (မြစ်ရှုခင်းသာ) ဆိုတဲ့အတိုင်း သစ်ပင် ပန်းပင်တွေနဲ့ စိမ်းလန်းစိုပြည်နေတဲ့ ဟိုတယ်ဝင်းရဲ့ အနောက်ဘက်အနားစွန်းတလျှောက် ပျင်းရိပျင်းတွဲစီးဆင်းနေတဲ့ ဧရာဝတီရဲ့ ခမ်းနားလှတဲ့ ရှုမြင်ကွင်း ကို မြင်ရပါတယ်။ မုတ်သုန်ရာသီထဲ ထဲထဲဝင်ဝင် ရောက်နေပေမယ့်
ကျမတို့ ပုဂံမှာနေခဲ့တဲ့ လေးရက်အတွင်း မိုးလေး တဖြိုက် (ဖျန်းတယ်ဆိုရုံလေး) ရွာတာသာရှိလို့ ညနေတိုင်းမှာ ဒီရှေးမြို့တော်ဟောင်းရဲ့ ကျော်ကြားလှတဲ့ နေ၀င်ချိန် ရှု ခင်းတွေနဲ့ ကြည်နူးခဲ့ရပါတယ်။ ကျမတို့နေတဲ့ ဘန်ဂလိုလေးရဲ့ ၀ရန်တာကနေပြီး အနီရောင်စက်ဝိုင်းကြီး တရွေ့ရွေ့နဲ့ ဣနြေ္ဒကြီးစွာ နိမ့်ဆင်းလာတာ။ သူ့ရဲ့အလင်းနဲ့ မဖြစ်နိုင်လွန်းတဲ့ ဟင်္သာပြဒါးတွေ၊ လိမ္မော်တွေ၊ အ၀ါတွေနဲ့ ကောင်းကင် တခုလုံးကို လိမ်းကျံထားလိုက်ပြီး ဆန်းပြားလှတဲ့ တိမ်စိုင်ပုံရိပ်တွေကို အလင်းပေးတာတွေဟာ မြစ်တဖက်ကမ်းက မရန်း စေ့ရောင်နဲ့ မဲနယ်ပြာရောင်စွန်းနေတဲ့ တောင်တန်းနောက်ကို ပုန်းလျှိုးမသွားမချင်း တွေ့နေရပါတယ်။ ခရီးသွားလမ်းညွှန် လက်ကမ်းကြော်ငြာထဲက ဓာတ်ပုံတပုံ အသက်ဝင်လာသလိုပါပဲ။
ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ အလည်ရောက်လာကြသူတွေက ပုဂံရဲ့ဆွတ်ပျံ့ဖွယ်တွေကို အံ့မူးဖွယ်တွေကို အများ ကြီးရေးခဲ့ကြ ပြီးပါပြီ။ ဒီမိုးခေါင်ရေရှားလွင်ပြင်မှာ ဘာသာရေးအအောက်အအုံတွေ အရွယ်မျိုးစုံ ထောင်နဲ့ချီပြီးရှိပါတယ် (ရှေးဟောင်း သုတေသနဌာနရဲ့ စာရင်းအရ သေးငယ်တဲ့ အုတ်ပုံအပါအ၀င် စုစုပေါင်း ၃၀၀၀ ကျော်)။ သေးသေးကြီကြီး တခုချင်းစီဟာ ထိပ်မှာ အဖျားချွန်သဏ္ဌာန်နဲ့ မိုးကောင်ကင်အမြင့်ဆီ ဦးတည်နေတာချည်းပဲမို့ ရုပ်ပိုင်ဆိုင်မှုထက် ပိုမိုတဲ့ မြင့်မြတ်တာ တခုခုကို မျှော်မှန်းနေကြတဲ့သဘောကို ဗိသုကာအမြင်အရ ဖေါ်ပြနေပါတယ်။ အကြိမ်ပေါင်းများစွာ ရေးဆွဲ ထားကြပြီးဖြစ်တဲ့ပုံကို တထပ်တည်းတူအောင် ဆွဲဖို့မလိုတော့တာကြောင့် ကျမအပေါ်စွဲထင်မှု လေးတွေနဲ့ပဲ ခြယ်သ လိုက်ပါရစေ။ မှောင်ရိပ်ပျိုးလာတော့ ဘာသာရေးနဲ့ ထုံမွှမ်းထားတဲ့ မြို့ဟောင်းဟာ အတိတ်ကလည်းမဟုတ်၊ ပစ္စုပ္ပန်ထဲ မှာလည်း မရှိတဲ့၊ အချိန်ကာလတွေက ကင်းလွတ်နေတဲ့လောကတခုကို ရောက်သွားပါတော့တယ်။ ပုထိုးစေတီငယ်လေး အများစုကတော့ ပြိုလဲပျက်စီးပုံ အဆင့်မျိုးစုံနဲ့ ယိုယွင်းတဲ့သဘော၊ အနိစ္စသဘောတရားနဲ့ မာယာအိပ်မက်တွေ ပြိုကွဲ ကျေပျက်ရတဲ့ သဘောတို့ကို လှစ်ပြနေပါတယ်။ ဒါဟာ ဗုဒ္ဓသာသနာထွန်းကားရာ မြေမှာသာမက တန်ခိုးအာဏာရှင် တွေက သူတို့ ဩဇာဂုဏ်အရှိန်အ၀ါတွေကို ထာဝရမှတ်ကျောက်တင်ဖို့ ကြိုးစားခဲ့တဲ့ ကမ္ဘာ့ဘယ်နေရာမှာပဲမဆို သင့် တော်တဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ ပုဂံဟာ ကွယ်ပျောက်သွားပြီဖြစ်တဲ့ ခမ်းနားကြီးကျယ်ခြင်းနဲ့ ဆုံးရှုံးသွားပြီဖြစ်တဲ့ ယဉ် ကျေးမှုခေတ်ကြီးတွေကို သတိရဆင်ခြင်စေပါတယ်။ ရှယ်လီရဲ့ကဗျာက သရုပ်ဖေါ်သလို အဆုံးမရှိတဲ့ သဲကန္တရထဲမှာ အပိုင်းအစတုံးကြီးတွေအဖြစ်သာ ကျန်နေတော့တဲ့ ကျောက်သားမဲ့ ပြုံးပိုင်ရှင် အိုဇီဒီယပ်ရဲ့ သနားစရာ့မာနမာန်ကို အ မှတ်ရစေပါတယ်။ ‘အသင် အင်အားကြီးလှသူများ၊ ငါ့ လုပ်ဆောင်ချက်တွေကြည့်ပြီး စိတ်ပျက်၊ စိတ်လျှော့ ကြလော့’
မိမိရဲ့ ဘာသာရေးကိုင်းရှိုင်းမှုကို ဒီလိုအုတ်တွေ၊ သရွတ်တွေနဲ့ သက်သေထူခဲ့ကြတဲ့ ရှင်ဘုရင်တွေ၊ မိဖုရားတွေ၊ မင်းညီ မင်းသား မှူးကြီးမတ်ရာတွေထဲက ဘယ်နှစ်ယောက်က တကယ့်ကို သံသရာက လွတ်မြောက်ချင်ခဲ့ကြသလဲ။ ဘယ်နှစ် ယောက်က မိမိတို့ရဲ့ လောကီတန်ဖိုးကို အဖိုးကြီးအဆောက်အအုံတွေ ထူခြင်းနဲ့သက်သေပြုဖို့ ကြိုးစားခဲ့ကြသလဲ။ ဘယ် နှစ်ယောက်က နိဗ္ဗာန်ရဲ့ သဘောတရားကို မခြုံငုံနိုင်တာကြောင့် သံသရာမှာလည်နေသရွေ့ လောကီ စည်းစိမ်ရှိဖို့အ တွက် အာမခံအနေနဲ့ ဒီဆောက်လုပ်မှုတွေကို ဆောင်ရွက်ခဲ့ကြသလဲ။
ပုဂံပြည်ကို စိုးစံခဲ့ကြတဲ့ မင်းဧကရာဇ်စာရင်းက ရှည်လျားလှတယ်ဆိုပေမယ့် ကျမစိတ်ကူးစိတ်သန်းကို ဖမ်းစားနိုင်တာ တဦးပဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျန်စစ်သားမင်း ပါပဲ။ ကျမတို့ငယ်ငယ်က သင်ခဲ့ရတဲ့ သမိုင်းစာအုပ်တွေအရ သူဟာ ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ အနော်ရထာဘုရင်ရဲ့ သားပါပဲ။ ဒါပေမဲ့ ပညာရှင်တွေရဲ့ တွေ့ရှိချက် တွေအရတော့ သူတို့နှစ်ယောက်ဟာ သွေးမတော်စပ်ပါဘူး။ ကျန်စစ်သားက သာမန်မျိုးရိုးထဲကပဲ ဖြစ်နိုင်ပေမယ့် သူက သာမာန်မဟုတ်တဲ့ အရည်အချင်းတွေ ပိုင်ပါတယ်။ သူရသတ္တိနဲ့ ပြည့်စုံပြီး ရဲရင့်တယ်။ ဘုရင့်တပ်မတော်ရဲ့ အကြီးအကဲ စစ်ဗိုလ်ချုပ်အထိ တက်လှမ်းခဲ့ပြီး ကျော်ကြားတဲ့ သူရဲကောင်းတယောက် ဖြစ်လာတယ်။ ဒါတွေကြောင့် ဘုရင်အိုကြီး မနာလို ၀န်တိုဖြစ်ခဲ့ပြီး သူ့ကို ပုန်ကန်မယ့်လူလို့ သံသယတွေဝင်ခဲ့ပုံရပါတယ်။ အနော်ရထာလွန်တော့ ပျော့ညံ့ပြီး အရည် အချင်းနည်းတဲ့ သားတဦးနန်းတက်ခဲ့ပေမယ့် ခဏတာပါပဲ။ ဒီနောက် ကျန်စစ်သားဟာ အန်တုမှုမရှိ နန်းတက်နိုင်ခဲ့ခြင်း အားဖြင့် အနော်ရထာရဲ့ အဆက်အနွယ်ထဲက ဆက်ခံမယ့်သူတွေ မကျန်တော့ဘူးလို့ပဲ ယူဆရပါတယ်။
ကျန်စစ်သားဟာ အမြော်အမြင်၊ စွမ်းရည်သတ္တိနဲ့ နှလုံးရည်ပြည့်ဝတယ်ဆိုတာ ပြနိုင်ခဲ့ပြီး သူဆောက်လုပ်လှူခဲ့တဲ့ အာ နန္ဒာဂူဘုရားဟာ သူရဲ့ဆွဲဆောင်မှုရှိလှတဲ့ ပင်ကိုဥပဓိတွေ ထင်ဟပ်နေပါတယ်။ ပြေပြစ်တင့်တယ်တဲ့ အချိုးအစားရှိပြီး၊ အလင်းနဲ့ အရိပ်ကို လိုသလိုရအောင်ဆောက်ထားတာဖြစ်လို့ ခံယူချက်ရော တည်ဆောက်ပုံရောက အင်မတန် လှပပါ တယ်။ အာနန္ဒာကို ဖူးတယ်ဆိုတာ ဂူကျောင်းထဲက ထူးခြားလှတဲ့ ရုပ်ပွားတော်ကြီးတွေထံ စိတ်ဝိညာဉ် ခိုလှုံရာအနေနဲ့ ဦးခိုက်ရသလို၊ ရှားပါးလှတဲ့ အုပ်စိုးသူ မင်းတပါးကို လေးစားသမှုပြုရသလိုလည်း ဖြစ်ပါတယ်။
ဟိုတယ်ဝင်းထဲမှာ ကျမတို့အတွက် တကယ့်ကိုအံ့အားသင့်ရစေတာက ဂူစေတီလေး နှစ်ဆူပါပဲ။ ဘွဲ့အမည်မရှိပေမယ့် နှစ်ဆူစလုံးဟာ ကျန်စစ်သားနဲ့ သက်ဆိုင်တယ်လို့ သိခဲ့ရပါတယ်။ တဆူက သူ့ နန်းသက်အစောပိုင်းမှာ ရန်သူတွေကို အောင်နိုင်ခဲ့ခြင်းအတွက် ကျေးဇူးအောက်မေ့တဲ့အနေနဲ့ တည်ထားတာဖြစ်ပြီး နောက်တဆူကတော့ သူ့ဘ၀နောက်ဆုံး ပိုင်းအရောက် ဘ၀တလျှောက်လုံး စစ်သူရဲကောင်းဘ၀နဲ့ သူပြုမူခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် သံဝေဂရပြီး ပြေရာပြေကြောင်း ရည်စူးတည်ခဲ့တာလို့ ပြောပြကြပါတယ်။ အရွယ်အစားသင့်ရုံ ဒီဂူကျောင်းနှစ်ဆူဟာ ညနေတိုင်း စောင်းတီးခတ်ဖျော်ဖြေတတ်တဲ့ ညစာခန်းမ ကပြင်အနားက ပန်းခြံထောင့်တနေရာ ရှိနေတယ်။ သီးသန့် ဘုရားကျောင်း လေးလို ဖြစ်နေတဲ့နေရာမှာ ဖယောင်းတိုင်မီးပူဇော်ရတာဟာ ခမ်းနားကျော်ကြားလှတဲ့ ဘုရားတွေကို ဖူးရတာနဲ့မတူတဲ့ အတွေ့အကြုံခံစားမှုပါပဲ။
ကျမသားနဲ့ ကျမက ပုဂံအနှံအပြားမှာရှိနေတဲ့ ဘုရားစေတီအားလုံးကို ဖူးမနေတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာနန္ဒာနဲ့ ဟိုတယ်ဝင်းထဲက ကျန်စစ်သားရဲ့ကောင်းမှု စေတီလေးတွေကလွဲရင်တော့ သဗ္ဗညုနဲ့ မနူဟာစေတီတို့ကိုပဲ သွားဖူးခဲ့ပါ တယ်။ မနူဟာစေတီကို အဖမ်းဆီးခံမွန်ဘုရင် မနူဟာ တည်ခဲ့တယ်လို့ ယူဆခဲ့တာကြောင့် ထူခြားတဲ့အဓိပ္ပါယ်ဆောင် ပါတယ်။ ကာလကြာရှည် လက်ခံခဲ့ကြတဲ့ သမိုင်းပုံပြင်ကို ပညာရှင်တွေကြား ခုနောက်ပိုင်း မေးခွန်းထုတ်လာကြပေမယ့် ဒီဂူဘုရားဟာ လွတ်လပ်မှုကိုမွတ်သိပ်တဲ့၊ ထိုင်းမှိုင်းလေးလံတဲ့ အာဝါသအဖြစ် ပေါ်လွင်အောင် တမင်ဒီဇိုင်းထုတ်ထား တယ်ဆိုရင် ငြင်းနိုင်မှာမဟုတ်ပါဘူး။ အထဲက ဗုဒ္ဓရုပ်ပွားတော်ကြီးတွေဟာ ရှိနေတဲ့ နေရာအကျယ်အ၀န်းနဲ့ မကိုက် လောက်အောင် ကြီးမားနေပြီး၊ ဖူးမြော်သူကို ပိတ်လှောင်မွန်းကျပ်ခြင်းနဲ့ လွတ်မြောက်လိုမှု ပြင်းပြနေတဲ့ ၀ိညာဉ်ရဲ့ရုန်း ကန် အသက်ရှူနေခြင်းတို့နဲ့ ထိတွေ့ရသလို ခံစားရစေပါတယ်။ အဲဒီ ဘုရားသွားဖူးတာ ကျမတို့နိုင်ငံမှာ သိပ်ကိုလိုအပ် နေတဲ့ အရာနှစ်ခုကို သတိပြုစေပါတယ်။ လူမျိုးစု တိုင်းရင်းသားတွေကြားထဲ ညီညွတ်မျှတမှု ရက်ယှက်ဖို့နဲ့ ယုံကြည် ချက်ကြောင့် အကျဉ်းကျခံရသူတိုင်း လွတ်မြောက်ဖို့တို့ ဖြစ်ပါတယ်။ ဒီအသိတွေကနေတော့ အပန်းဖြေ အနားယူနိုင် တယ်ရယ်လို့ မဖြစ်နိုင်ပါဘူး။
အောင်ဆန်းစုကြည်
(၂၂ . ၈ . ၂၀၁၁ နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ဖေါ်ပြပြီး)
ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၂ အမှတ် ၆၀
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger