Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်ကြမလဲ?

ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်ကြမလဲ?

Written By kawknyaw on Friday, January 27, 2012 | 1/27/2012

Saturday, January 28, 2012  zarny win (ဧရာဝတီ ဘလော့ဂ်)ကိုးကိုးကျွန်းပြန်တစ်ဦး

(၂၈.၇.၁၁) နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ် ရပ်စဲရေးနဲ့ အမျိုးသား ပြည်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ ငြိမ်းချမ်းရေး ပန်ကြားချက်ကို ထုတ်ပြန်လိုက်ပါတယ်။ သန်း (၆၀) ခန့်
ရှိတဲ့ မြန်မာပြည်သူတွေက သူမရဲ့ ပန်ကြားချက်ကို ထောက်ခံကြ ပါလိမ့်မယ်။ လွတ်လပ်ရေးရခါစ ၁၉၄၈ ခုနှစ် မတ်လကတဲက ပြည်တွင်းစစ် မီးလောင်ကျွမ်းခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်းက`ပြည်တွင်းစစ် ရပ်စဲရေး``သူမသာကိုယ်မနာ` ငြိမ်းချမ်းရေး တည်ဆောက်ကြဖို့ အစိုးရ အဖွဲ့နဲ့ တောတွင်းလက် နက်ကိုင်အဖွဲ့တွေကို မေတ္တာရပ်ခံ ပန်ကြားခဲ့ပါတယ်။ (၈) ဦးကော်မတီ ဖွဲ့စည်းပြီး ပြည်တွင်း ငြိမ်းချမ်းရေး ဆန္ဒပြတောင်းဆိုပွဲတွေ တိုင်း ပြည်အနှံ့ ကျင်းပခဲ့ပါတယ်။

အသက်အရွယ်ကြီးရင့်လှပြီဖြစ်တဲ့ဆရာကြီးရဲ့ ဆန္ဒသဘောထားတွေကိုဘယ်သူတွေက ဆန့်ကျင်ခဲ့ကြသလဲ? ဘယ်သူတွေက ထောက်ခံခဲ့ကြသလဲ?

လွတ်လပ်ရေးရပြီး (၁၄) နှစ်ခန့်တည်မြဲခဲ့တဲ့ ပါလီမန်ဒီမိုကရေစီစနစ်ခေတ် သမိုင်းဖြစ်ရပ်မှန်တွေကို ဝေဘန်ကြည့်ဖို့ လိုလာပါတယ်။ ဒါမှသာ သမိုင်းတရားခံ ဘယ်သူတွေဖြစ်ခဲ့ကြသလဲ? ၁၉၆၂ ခုနှစ် စစ်အာဏာရှင် စနစ် နိုင်ငံရေးဇာတ်ခုံပေါ် တက်ရောက်လာနိုင်ခဲ့တာ ဘယ်သူတွေကြောင့် ဖြစ်ပါသလဲ?

လွတ်လပ်ရေးရပြီး (၃) လအကြာမှာ ဖဆပလအစိုးရ ရဲ့ ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဖြစ်နေတဲ့ ဦးကျော်ငြိမ်းက သခင်သန်းထွန်းက စပြီး နောက်ဆုံး ပါတီဝင်တွေအထိ တစ်ပြည်လုံးမှာ ဖမ်းဆီးဖို့ (၂၇.၃.၄၈) နေ့မှာ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနှစ် ဇွန်၊ ဇူလိုင်လတွေမှာ ပြည်သူ့ရဲဘော်တွေကို ထပ်မံ ဖမ်းဆီးပြန်ပါတယ်။ ဒါ့ကြောင့်မို့ ရဲဘော်ဖြူတွေ တောတောင်တွေဆီ ရောက်သွားပြန်ပါ တယ်။ ၁၉၄၉ ခုနှစ် နှစ်ဦးမှာတော့ ကရင်ဗမာလူမျိုးရေး ပဋိပက္ခတွေ စတင် ဖြစ်ပွားလာပြီး ကရင် အမျိုးသား ခေါင်းဆောင်များ နဲ့ ကရင် သေနတ်ကိုင် တပ်ရင်းတွေ တောခိုကြပြန်တယ်။ ၁၉၄၉ ခုနှစ် နှစ်နှောင်းပိုင်း ရောက်တော့ ဖဆပလ အစိုးရကို နိုင်ငံတကာစာနယ်ဇင်း တွေက `ရန်ကုန်အစိုးရ `လို့ အမည် တပ်ပါတော့တယ်။ ၀န်ကြီးအချို့ကလဲ စော်ဘွားကြီးကုန်း၊ သမိုင်း ဒေသတွေကို ကရင် လက်နက်ကိုင်တပ်တွေ သိမ်းပိုက်ခံရချိန်မှာ အထုတ်အပိုးတွေ ပြင်ဆင်ကြပြီး ပြည်ပ ထွက်ပြေးဖို့ စိုင်းပြင်းခဲ့ကြတယ်။

၁၉၅၁ ခုနှစ်နှစ်ကုန်ပိုင်းအထိ ပြည်တွင်းစစ် မီး ဟုန်းဟုန်းတောက်လောင်ခဲ့တယ်။ ရာဂဏန်းတချို့ရှိတဲ့ ကျေးရွာတွေ မီးတိုက်ခံခဲ့ရတယ်။ ကရင်ဗမာ လူမျိုးရေး ပဋိပက္ခတွေ အလွန် ပြင်းထန်ခဲ့တယ်။

၁၉၅၂ ခုနှစ်မှာ ဖေါ်မိုဆာ အခြေစိုက် ချန်ကေရှိတ် တရုတ်ဖြူတပ်တွေ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသကို ၀င်ရောက် ကျူးကျော်လာခဲ့တယ်။ `မော်စီတုန်းအစိုးရ `ကို စစ်ရေးအရ တန်ပြန်ထိုးစစ်ဆင်ဖို့ ၀င်ရောက်ခဲ့တာလို့`ချန်ကေရှိတ်အစိုးရ `က အကြောင်း ပြခဲ့ပါတယ်။

အဲဒီအချိန်မှာ ကွန်မြူနစ်ပါတီက လမ်းစဉ်ပြောင်းလိုက်ပါတယ်။ ဖဆပလဆန့်ကျင်ရေး၊ ပြည်သူ့ ဒီမိုကရေစီ တော်လှန်ရေး ဆင်နွှဲနေရာမှ တရုတ်ဖြူ ဆန့်ကျင်ရေး လမ်းစဉ်ကိုချမှတ်ခဲ့တယ်။ ငြိမ်းချမ်းရေး ညွန့်ပေါင်း အစိုးရ လမ်းစဉ် (ပီစီဂျီ) လမ်းစဉ်ဖြစ်ပါတယ်။ လမ်းစဉ်ရဲ့ ဆိုလိုချက်က ကွန်မြူနစ်ပါတီနဲ့ ဖဆပလအစိုးရတို့ ဆင်နွှဲနေကြတဲ့ပြည်တွင်းစစ် ပွဲကိုရပ်လိုက်ပြီးဖဆပလနဲ့ ကွန်မြူနစ်ပါတီတို့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ တရုတ်ဖြူတပ်တွေကို တစ်မျိုးသားလုံးရန်သူအဖြစ် သတ်မှတ်ပြီး ပူးတွဲစစ်ရေး ဆင်နွှဲဖို့ဖြစ်ပါတယ်။ အဲဒီ ကမ်းလှမ်းချက်ကို ဖဆပလအစိုးရက လက်ခံခဲ့ရင် ရဲဘော်ဖြူတွေနဲ့လဲ တိုက်ခိုက်မှု ရပ်စဲသွားနိုင်ပါတယ်။ ဒါပေမဲ့ဦးနု၊ ဦးကျော်ငြိမ်းတို့က လုံးဝ လက်မခံခဲ့ပါ။

အဲဒီအချိန်မှာ ဆရာကြီးက ပြည်တွင်း ငြိမ်းချမ်းရေး (၈) ဦးကော်မတီဖွဲ့စည်းပြီး တိုင်းပြည်အနှံ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့တယ်။ မြို့ပြဒေသရှိ အလုပ်သမားပါတီ (ဆိုရှယ်နီ) နဲ့ အခြား လက်ဝဲပါတီတွေက ထောက်ခံခဲ့ကြတယ်။ တောတွင်းရောက် လက်ဝဲပါတီတွေကလဲ ငြိမ်းချမ်းရေး အဖွဲ့ကို ထောက်ခံကြတယ်။ ကြိုဆိုခဲ့ကြတယ်။

ဒီအချိန်တုံးက အစိုးရ က အပြုတ်တိုက်ရေးလမ်းစဉ်ကို ကျင့်သုံးနေပါတယ်။ ဆရာကြီးက`ပြည်တွင်းစစ် ရပ်စဲရေး`၊ `သူမသာ ကိုယ်မနာ`လမ်းစဉ်နဲ့ လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး အဖွဲ့နဲ့ လက်ဝဲအင်အားစုတွေ လူထုထောက်ခံမှု ရခဲ့တာက၁၉၅၆ ခုနှစ် ပါလီမန် ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲမှာ အဖြေပေါ်လာပါတယ်။ အတိုက်အခံဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု (ပမညတ) ကအမတ်နေရာ (၄၆) နေရာ ရရှိခဲ့တယ်။ ရခိုင်တိုင်းရင်းသား ညီညွတ်ရေးအဖွဲ့ (ရတည) ကအမတ် (၅) နေရာရရှိခဲ့တယ်။ လူထုတွေက ဖဆပလအစိုးရကို ဆန့်ကျင် ပြလိုက်တာဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် ဧပြီလရောက်တော့ ဖဆပလ အဖွဲ့ချုပ်ကြီး ထက်ခြမ်း ကွဲသွားပါတော့တယ်။ တည်မြဲဖဆပလနဲ့ သန့်ရှင်းဖဆပလ ဆိုပြီး ပါတီကြီး (၂) ခု ပေါ်ပေါက်လာခဲ့ကြတယ်။

၁၉၅၈ ခုနှစ် စက်တင်ဘာလရောက်တော့ ဗိုလ်ချုပ်ကြီးနေ၀င်း နိုင်ငံရေးဇါတ်ခုံပေါ် တက်ရောက်လာပါတယ်။ ဗိုလ်ချုပ်ကြီးကို ၀န်ကြီးချုပ်က အထူးလွှတ်တော်အစည်းအဝေးခေါ်ယူပြီး ၀န်ကြီးချုပ် ရာထူး လက်ခံဖို့ အဆိုတင်ခဲ့ပါတယ်။ အိမ်စောင့်အစိုးရ အဖွဲ့ကို ခေါင်းဆောင်ဖို့ဖြစ်ပါတယ်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က ထောက်ခံခဲ့ကြတယ်။ ဆိုရှယ်နီ ပါတီ ခေါင်းဆောင် ဖြစ်တဲ့ သခင်ချစ်မောင် (သာယာဝတီခရိုင်အမတ်) ကပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်။ ပညာရှိ ၀ိဒူရဘွဲ့လဲ ရရှိခဲ့တယ်။ နိုင်ငံတော် အာဏာ (၃) ရပ်ကို ဗိုလ်ချုပ်နေ၀င်းလက်ထဲ ထိုးအပ်ခဲ့တာ သမိုင်းတရားခံတွေ ဘယ်သူတွေဆိုတာ အလွန် ရိုးရှင်းလှပါတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာရလာချိန်မှာ မြို့ပြဒေသတွေမှာ` ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့`တွေ ဖွဲ့စည်းပြီး လမ်းဆုံလမ်းခွတွေမှာ `ဓမ္မအန္တရာယ်`ဆိုင်းဘုတ်ကြီးတွေ စိုက်ထူပြီး လက်ဝဲ ဆန့်ကျင်ရေး လူထုဆန္ဒ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ (၂) နှစ်နီးပါး လှုံ့ဆော် လှုပ်ရှားခဲ့ကြတယ်။ ကျေးလက်ဒေသတွေမှာလဲ ကွန်မြူနစ် ဆန့်ကျင်ရေး အခြေခံနဲ့ ကျေးရွာငယ်တွေကို ဖျက်ဆီးပြီး သေနင်္ဂဗျူဟာ ကျေးရွာတွေ ထူထောင်ပေးခဲ့ကြတယ်။ ဒါ့ကြောင့်မို့ မြို့ပြဒေသနဲ့ ကျေးလက်ဒေသ အောက်ခြေ လူတန်းစားတွေ စီးပွားရေး၊ လူမှုရေး ဒုက္ခမျိုးစုံ ရင်ဆိုင် ခံစားကြရတယ်။ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ ဆိုတာ`အိမ်စောင့်အစိုးရ `ရဲ့ လက်စွမ်းထက်မှုတွေ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) ကျော်က`အိမ်စောင့်အစိုးရ ` ဆိုတာ စစ်အာဏာရှင်စနစ် နှစ်ပေါင်းများစွာ သက်ဇိုးရှည်ရေးအတွက် အစပြုချက်လို့ ကောက်ချက် ဆွဲနိုင်ပါလိမ့်မယ်။

၁၉၆၀ ဖေဖေါ်ဝါရီလမှာ ပါလီမန် ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ သန့်ရှင်းဖဆပလအဖွဲ့ အနိုင်ရခဲ့တယ်။ ဦးနု၊ သခင်တင်၊ ဗိုလ်မှူးအောင်၊ မန်းဝင်းမောင်တို့ အာဏာပြန်ရခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ထောက်ခံချက်နဲ့ တည်မြဲတပ်မှူးတွေဖြစ်နေကြတဲ့ ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်ချုပ်အောင်ရွှေ၊ ဗိုလ်မှူးကြီးကြည်ဝင်း စတဲ့ တပ်မှူးကြီး (၆) ဦးကို တပ်မတော်မှ ပါယ်ထုတ် အနားပေးခဲ့တယ်။

ဆရာကြီးလဲ (၂) နှစ်တာ ရပ်နားထားလိုက်ရတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့ကို အင်အား တိုးချဲ့ပြီး ပြန်လည် ဖွဲ့စည်း လှုပ်ရှားခဲ့ ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော (ဒုဥက္ကဋ္ဌ) ၊ ရှေ့နေကြီး ဦးထွန်းတင် (အထွေထွေအတွင်းရေးမှူး) ၊ ဗန်းမော်တင်အောင်၊ မုံရွာ ဦးတင်ရွှေ၊ ရှေ့နေကြီးများ ဖြစ်ကြတဲ့ ဦးလှတင်၊ ဦးဘကျော်၊ ဦးလှကျော်တို့ ပါဝင်ခဲ့ကြတယ်။ အံ့သြဖို့ ကောင်းတာကတော့ ဆိုရှယ်နီ ခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့ သခင်ချစ်မောင်၊ သခင်လွင်၊ သခင်လှကျွေတို့က ထောက်ခံ အားပေးမှု မလုပ်ကြတော့ပါ။ ငြိမ်းချမ်းရေး အဖွဲ့တွေ တစ်ပြည်လုံးမှာ လိုက်လံ ဖွဲ့စည်းခဲ့သလို ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေ ကျင်းပခဲ့ကြတယ်။ သန့်ရှင်းဖဆပလအစိုးရက ဆရာကြီးရဲ့ မေတ္တာရပ်ခံ ပန်ကြားချက်ကို ကျောခိုင်းထားခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ဇူလိုင်လ (၂၃) ရက်နေ့မှာ ဆရာကြီး ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မတ်လ (၂) ရက်နေ့မှာ အာဏာသိမ်းပိုက်ခဲ့တဲ့တော်လှန်ရေးကောင်စီလက်ထက်၁၉၆၃ ခုနှစ် ဇွန်လမှာ စတင်ပြီး နိုဝင်ဘာလအထိ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ခဲ့ပါတယ်။
ကရင် တော်လှန်ရေးကောင်စီနဲ့ ဆွေးနွေးပွဲသာ အောင် မြင်မှုရခဲ့ပါတယ်။ ကျန်တဲ့ပါတီတွေနဲ့ ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့တာကြောင့် ပြည်တွင်းစစ်မီး ဆက်လက် လောင်ကျွမ်းခဲ့ပါတယ်။

ဒီနှစ်ဇန္န၀ါရီလမှာ တက်ရောက်လာတဲ့ ဦးသိန်းစိန်အစိုးရ အာဏာရလာချိန်မှာ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာရှေ့တန်းပြန် ရောက်လာပြန်ပါတယ်။ ဒီကိစ္စဟာ တိုင်းပြည်တစ်ခုလုံး အတွက် ရှေ့တန်းကျတဲ့ အလွန် အရေးကြီးတဲ့ ပြဿနာကြီးလဲ ဖြစ်ပါတယ်။ လူမျိုးစု ခေါင်းဆောင်တွေကလည်း တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပဖို့ တောင်းဆိုနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလဲ ပြည်တွင်းစစ် ရပ်စဲကြဖို့၊ ငြိမ်းချမ်းရေး မရှိရင် အမျိုးသား ပြန်လည် သင့်မြတ်ရေးဟာ ဖြစ်ပေါ်မှာ မဟုတ်၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးကိုလဲ စွမ်းဆောင်နိုင်မှာ မဟုတ်ကြောင်း ကမ္ဘာသိ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

ဟို လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ၀န်းကျင်ကဆရာကြီး သခင် ကိုယ်တော်မှိုင်း ပြောကြားခဲ့တဲ့`သူမသာကိုယ်မနာ` ငြိမ်းချမ်းရေး တည်ဆောက်ကြပါ။ `နှစ်ဦးနှစ်ဖက် ထိုးစစ်တိုက်စစ်တွေ ရပ်စဲကြပါ`ဆိုတဲ့ တောင်းဆိုချက်တွေဟာလဲ အသစ်တစ်ဖန် ပြန်လည် မြည်ဟိန်းလာပြန်ပါတယ်။

ဒါ့ကြောင့်-ဦးသိန်းစိန်အစိုးရ ဘာလဲ-ဘယ်လဲ?
`ဆူးခင်းလမ်းလျှောက်မလား? `
`ပန်းခင်းလမ်းလျှောက်မလား? `အဖြေတစ်ခုခုပေးဖို့ (၂၁) ရာစုသမိုင်းက တောင်းဆိုနေပြီ ဖြစ်ပါတယ်။

ကိုးကိုးကျွန်းပြန်တစ်ဦး
၂၀-၈-၁၁
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger