Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁၈)

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁၈)

Written By kawknyaw on Sunday, March 18, 2012 | 3/18/2012


မြစ်ဝကျွန်းပေါ် တပ်မဟာများ ဖွဲ့စည်းခြင်း
မြစ်ဝကျွန်းပေါ် စရောက်တော့ အဖိုးတို့ နယ်မြေတွေ၊ မြို့တွေကို တော်တော်ထိန်းထားနိုင်တယ်။ မြစ်ဝကျွန်းပေါ် ပန်းတ နော်၊ မြောင်းမြ၊ ပုသိမ်၊ ဘိုကလေး၊ ဟင်္သာတ၊ ဖျာပုံ၊ မအူပင်၊ ကျောင်းကုန်း၊ ဓနုဖြူ ဒီဒေသတွေက ကရင်ရွာတွေချည်းပဲ ကိုး။ အဖိုးတို့ကို ထောက်ခံတာပေါ့။

၁၉၅ဝ မှာ ကျောင်းကုန်းမြို့က ရွာသာကုန်းမှာ ကေအဲန်ယူက ခေါင်းဆောင်ပြီးတော့ လူထုတွေကို အစည်းအဝေး ခေါ် တယ်။ လူထုတွေ တော်တော် တက်တက်ကြွကြွ လာကြတယ်။ အဖိုးတို့ ခေါင်းဆောင်တွေကလည်း ကေအန်ယူအစည်း အရုံးကြီးကို ပြန်ပြီးဖော်ထုတ်ဖို့ ကရင့်တော်လှန်ရေးကို ကေအဲန်ယူက ရှေ့ဆောင်ဖို့ ဆွေးနွေးကြတာပေါ့။ အဲဒီ အစည်း အဝေးကြီးက ကေအဲန်ယူရဲ့ ရှေ့ဆောင်မှုတာဝန်တွေနဲ့အုပ်ချုပ်ရေးတာဝန်တွေပါ ဆုံးဖြတ်ခဲ့ကြတယ်။
နောက်ပိုင်းမှာမြစ်ဝကျွန်းပေါ် ကေအဲန်ယူအဖွဲ့ကို ဖွဲ့တယ်။ ဥက္ကဋ္ဌကတော့ မန်းဘဇန်ပေါ့။
မြစ်ဝကျွန်းပေါ်တိုင်း တပ်မဟာတွေကိုလည်း ဖွဲ့စည်းလိုက်တယ်။
ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူက တပ်မဟာ (၁)
ပုသိမ်၊ မြောင်းမြခရိုင်က တပ်မဟာ (၂)
မအူပင်ခရိုင်တောင်ပိုင်းက တပ်မဟာ (၃)
ဟံသာဝတီနဲ့ သာယာဝတီက တပ်မဟာ (၄)
ဖျာပုံခရိုင်က တပ်မဟာ (၅)
ပဲခူးရိုးမက တပ်မဟာ (၆)
မြစ်ဝကျွန်းပေါ်အောက်ပိုင်းကိုတော့ တပ်မဟာ (၇)
အဖိုးတို့သတင်းရတာက အရှေ့တိုင်းဘက်မှာလည်း စောဘဦးကြီးခေါင်းဆောင်တဲ့အဖွဲ့က ကော်သူးလေအစိုးရကို ဖွဲ့ လိုက်ကြတယ်။ တောင်ငူခရိုင်က ကရင်တွေ တော်တော်များများ ပါတယ်
ပထမဆုံး တပ်မဟာမိတ်
နောက်ပိုင်းမှာ ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်နဲ့လည်း ညီညွှတ်ရေးရလာတယ်။
သူတို့ကိုလည်း ဖဆပလ အစိုးရက တိုက်ပြီလေ။ ဒီတော့ အဖိုးတို့ မဟာမိတ်ဖွဲ့ကြတာပေါ့။ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အနမ်းကုန်းရွာမှာ ပထမဆုံးအကြိမ် တပ်ပေါင်းစုကို ဖွဲ့ခဲ့တယ်။ အဖိုးတို့ဘက်က ခေါင်းဆောင်က မန်းဘဇန်ပေါ့။ ကွန်မြူ နစ်ပါတီဘက်က သခင်ဇင်။
၁၉၅၂ ခုနှစ်မှာ လုပ်တာဆိုတော့ ‘ဇင်၊ ဇန်’ သဘောတူညီချက်ဆိုတာ ထွက်လာသေးတယ်။ တဖွဲ့နဲ့တဖွဲ့ နယ်မြေကို အသိ အမှတ်ပြုတယ်။ တို့တဖွဲ့နဲ့ တဖွဲ့ မတိုက်ရေး။ နယ်မြေ ဖြတ်သန်းသွားလာခွင့် သဘောတူကြတယ်။ နိုင်ငံရေးနဲ့ ပတ်သက် ပြီး ညှိနှိုင်းလို့တော့ မရဘူး။ မတူကြဘူးလေ။
ရေကြောင်း တိုက်ပွဲ
ရွှေလင်းယုန်စစ်ဆင်ရေး၊ မိုးဟိန်းစစ်ဆင်ရေး၊ အဲဒီစစ်ဆင်ရေးကြီးတွေနဲ့ အဖိုးတို့ကို ပိတ်ဝိုင်းချေမှုန်းတာ။ အဖိုးတို့ မခံ နိုင်တော့ ပဲခူးရိုးမကို ရွှေ့ရတာပေါ့။ အဖိုးကတပ်တွေကို ကိုင်ထားတာကိုး။ ကေပီအယ်လ်အေ တပ်ရင်း၊ ပြောက်ကျား တပ်ရင်း ရှိတယ်။ ဒီလို ပိတ်ဝိုင်းတွေ လုပ်လာတော့ အဖိုးက တပ်ရင်းမှူးတွေကိုမှာတယ်။
“အခြေအနေကတော့ သိပ်မကောင်းဘူး။ ပိတ်ဝိုင်းချေမှုန်းရေးတွေ လုပ်နေပြီ။ မင်းတို့ နယ်မြေစွဲ၊ ဒေသစွဲတွေ လုပ်မနေနဲ့ တော့။ ခံချရင်ချ။ မနိုင်ပုံပေါ်ရင် မင်းတို့ဆုတ်လာခဲ့။ အမှတ်(၃) ခရိုင် ဥက္ကဋ္ဌ မန်းဘဇန်ဆီမှာ ငါ ရှိမယ်” သူတို့ကို အဖိုး ပြောထားတယ်။ တပ်ရင်းမှူးကိုလည်း ပြောတယ်။ တပ်ခွဲမှူး ဗိုလ်ကြီးချစ်လင်းမောင်လည်း ပြောတယ်။ ပြောက်ကျားတပ် ခွဲမှူးက ဗိုလ်ကြီးအောင်သန်းဦးကိုလည်း အဖိုးက အကြောင်းကြားတယ်။ ပန်းတနော်က တပ်ခွဲမှူးစံမင်း အကုန်လုံးရှင်း ပြတယ်။
“မင်းတို့နေရင် မင်းတို့ သေကုန်လိမ့်မယ်” လို့။ နောက်တော့ ဘယ်ဟုတ်မလဲကွ။
ဒီကောင်တွေဟာ ပါးစပ်က ပြောတယ်။ လက်တွေ့ကျတော့ မခိုင်ဘူး။ ချစ်လင်းမောင်က လကြားကင်းဦး မြစ်ကြီး အရှေ့ ဘက်ကမ်းမှာ ဟိုး ပတ်တော်နောက်ကျောမှာ နွားတင်းကုပ်ထဲမှာ နောက်တော့ ဗိုလ်ကြီးအောင်သန်း။ သူက အင်းချောင်း လေးထဲမှာ အဲဒီမှာနေတာ။ သူတို့ နေရာယူထားတာ။ ရန်သူလာရင် ချမှာပေါ့။ တကယ်ပဲ ရန်သူထိုးတာပဲ။
ပထမဦးဆုံး ဗိုလ်ကြီးချစ်လင်းမောင်ကို ပတ်တော်နောက်ကျော ရေထဲမှာတိုက်တာ။ ဗိုလ်ကြီးချစ်လင်းမောင် ကျသွား တယ်။ နောက်တော့ သတင်းက တခါရလာတယ်။ ဗိုလ်ကြီးအောင်သန်း တိုက်ရင်းနဲ့ပဲ တိုက်ပွဲမှာကျသွားတယ်။ မြစ်ဝ ကျွန်းပေါ်မှာပဲ။ အကျအဆုံးတွေများတော့ တပ်ရင်းအသစ်တွေ ပြန်ဖွဲ့ရတာပေါ့။ တပ်ရင်းအသစ်ဖွဲ့တော့ တပ်ခွဲ (၁) မှာ တပ်ခွဲမှူးက ဗိုလ်တင်ဦး (ဖူးတာအယ်)။
အဖိုးက တပ်ခွဲ(၂)က ဗိုလ်ကြီးစလွယ် တပ်ခွဲမှာ ရှိတယ်။ ဖူးတာအယ်နဲ့ သိတာကတော့ ဇကာကြီးတိုက်ပွဲမှာ။ အဲဒီ တိုက် ပွဲမှာ သူတို့က အဖိုးတို့တပ်ခွဲကို အကူခေါ်တာကိုး။ တပ်ခွဲ(၂)ကို သူတို့ခေါ်တော့ ဗိုလ်ကြီးစလွယ်က အဖိုးကိုပြောတယ်။
“ဇကာကြီးကို ရန်သူထိုးမယ်ကွ။ အဲဒါတပ်တွေ အများကြီးလိုတယ်။ မင်းပါ သွားရမယ်ကွ”
ဇကာကြီးက အဖြောက်ဇကာကြီး။ အဖိုးတို့ တပ်စုတစု သွားတယ်။ အင်အား (၃ဝ)လောက် ရှိတယ်။ အဲဒီမှာ ဗိုလ်တင်ဦးနဲ့ စသိရတာပဲ။
သူက “မင်းတို့ ဗိုလ်ကြီးစလွယ် တပ်ခွဲကလား”
“ဟုတ်ကဲ့။ ကျနော့်ကို လွှတ်လိုက်တာပဲ”
“မင်းနာမည် ဘယ်လိုခေါ်လဲ”
“ကျော်သောင်း”
“မင်းက ဘာတာဝန်လဲ”
“ကျနော်က တပ်စုမှူးပဲ”
“ကောင်းပြီး ဒီည ရန်သူထိုးမယ်”
သူက ဒါပဲပြောပြီး အဖိုးတို့ တပ်ဖွဲ့ကို နေရာချပေးတယ်။ အဲဒီမှာ ဗိုလ်ကျားဆီ ရောက်တယ်။
သူက “ခင်ဗျားတို့လာတာ ကျနော်တို့ သိပ်အားရှိတာပဲ” တဲ့။
အဲဒီညမှာ ရန်သူထိုးတော့တာပဲဟေ့။ ရေတပ်က အရင်တက်လာတယ်။ ရွှေပုဇွန်တို့။ ရွှေမာလာတို့။ နှစ်ထပ်သင်္ဘောကြီး။ နှစ်စင်း သုံးစင်းပဲ။ နောက်တော့ သူတို့ တိုက်ရေယာဉ်ပါ ပါလာတယ်။ တစင်းပြီး တစင်းလာတာပဲ။ ခြောက်စင်း၊ ခုနှစ်စင်း ရှိမယ် ဝင်လာတာ။ အဖိုးက သူ့ကို လှမ်းပြီးတော့ ကြည့်နေတယ်။ သူတို့ဝင်လာတာနဲ့ အဖိုးတို့က ဆီးပစ်တာပဲ။ ရေကြောင်းတိုက်ပွဲပေါ့။
တိုက်ကြတာ ၂ နာရီ၊ ၃ နာရီလောက် ကြာမယ်။
သူတိုက် ကိုယ်တိုက်ပဲ “ဝေါ ဝေါ” နဲ့ ။ ကိုယ့်ဘက်ကလည်း ကျ၊ သူတို့ဘက်ကလည်းကျ သင်္ဘောပေါ်မှာဆိုတော့ ဘယ် လောက်ကျလို့ ကျမှန်းတော့ မသိဘူး။ အဖိုးတို့က ကုန်းပေါ်မှာနေပြီးတော့ သူတို့တက်လာရင် ပစ်တာကိုး။ အဖိုးတို့ကို သူတို့ပစ်တာလည်း ကတုတ်ကျင်းကြီး ပြိုကျသွားတယ်။ အဖိုးတို့ခေါင်းတွေမှာ ရွှံ့တွေနဲ့ လူးနေတာပဲ။
သူတို့က သင်္ဘောပေါ်က ပစ်တာ။ အဖိုးတို့က ကမ်းပေါ်က ပစ်ပေါ့။
ပထမ တချီပစ်တော့ သူတို့က အဆန်မှာ မပစ်ဘူး။ အစုန်မှာပစ်တာ။ နောက်တချီက အစုန်မှာ ပစ်ပြန်ရော။ သူတို့ သင်္ဘောကြီးတွေ။ ရေယာဉ်တွေနဲ့ဆိုတော့ ရေစုန်ရေဆန် တိုက်တာပေါ့။ အဖိုးတို့ကတော့ ကုန်းပေါ်ကပဲ။ ဖူးတာအယ်တို့ က ရေထဲက သင်္ဘောနဲ့တိုက်တယ်။ လက်နက်ကြီးတွေနဲ့ဆိုတော့ တော်တော်တော့ လှမ်းတယ်။ ကြာတော့ ဒို့လူတွေ ပြန်ဆုတ်သွားတယ်။ တချို့လည်း ဒဏ်ရာရလို့ပြန်ဆုတ်တာ။ အဖိုးကတော့ မသိဘူး။ ပစ်တုန်းပဲ။ နောက် ဖူးတာအယ်က အကြောင်းကြားတယ်။ သူများတွေ ဆုတ်လာပြီကိုး။
“တို့လူတွေ ဆုတ်တာ ကုန်ပြီလား”
“ဘယ်ကုန်မလဲ။ ဗိုလ်ကျားနဲ့ ဗိုလ်ကျော်သောင်းတို့အဖွဲ့ ကျန်ရစ်ခဲ့တယ်”
“ဟ မင်းတို့ မပြောဘူးလား”
“ဆုတ်ပစ် ပစ်ကြတာကိုး”
“သွား သွား မြန်မြန်သွားခေါ်”
ဗိုလ်ကျားနဲ့ အဖိုးတို့အဖွဲ့ ကျန်ရစ်ခဲ့လို့ သူ ပြန်လာခေါ်ခိုင်းတာ။ အဖိုးတို့ကလည်း ခံပစ် ပစ်တာ အဖိုးတို့တကွက်ပဲ ကျန် တော့တယ်။ ဒီတော့ ရန်သူကလည်း အဖိုးတို့ဘက်ကိုပဲ မဲတော့တာပေါ့။ နောက်တော့ အဖိုးက ဗိုလ်ကျားကို ပြောတယ်။
“သေနတ်ဖြုတ်ပြီးတော့ မင်းသွားတော့။ ကျန်ရစ်ခဲ့ရင် ရန်သူတွေ ရသွားမယ်”
‘အေး’ ဆိုပြီးတော့ သူကလည်း ဖြုတ်တာပဲ။ အဖိုးက ခံပစ်ပေးတယ်။ ဒါနဲ့ သူ လွှတ်သွားတယ်။ အဖိုးလူတွေကိုလည်း အဖိုးပြောတယ်။
“ကဲ ၄-၅ ယောက်ပဲ ချန်ခဲ့။ ကျန်တဲ့လူတွေ အကုန်လုံးသွားတော့”
အဲဒီမှာ နင်းကန်ပစ်တော့တာပဲ။ ပွဲကြီးပွဲကောင်းပဲ။ အဖိုးတို့ကလည်း နဖူးနဲ့ မြေကြီးနဲ့ ကပ်နေတာပဲ။ မခွာရဲဘူး။ ပြန်ပေါ်ရင် ပြန်ပစ်တာပဲ။ အဖိုးက အမိန့်ပေးရတော့တာပေါ့။
“ဒီလိုနေရင် သေကုန်မယ်။ ကိုယ့်သေနတ် ကိုယ်ဖက်ပြီးတော့ လိမ့်သွားကြ။ ငါလည်း လိမ့်လာမယ်”
ဒီလိုနဲ့ အဖိုးတို့ တာရိုးရှိတဲ့နေရာကို လိမ့်လိမ့်ပြီး သွားကြတာပေါ့။ နားလိုက်လိမ့်လိုက် နားလိုက်လိမ့်လိုက်နဲ့။ မောတာ ကိုး။ နားရင်းနဲ့ ပစ်တာပဲ။ ကျည်တွေကလည်း အနားမှာကျတာ တဖောက်ဖောက်ပဲ။ တကိုယ်လုံးလည်း ရွှံ့တွေနဲ့ လူးနေ တာပဲ။
“ကဲ ဆက်လိမ့်ကြစို့။ ဒီလို လူးနိုင် လိမ့်နိုင်မှကွ။ မဟုတ်ရင် သေကုန်မယ်”
လေးငါးဆယ်ခါလိမ့်မှ တာရိုးနားကို ရောက်တော့တယ်။ တာရှေ့ရောက်တော့ ဟောဟဲ ဟောဟဲ မောနေကြတယ်။ အဲ ဒီမှာ ဒို့နားကြတယ်။ သူတို့ကတော့ ပစ်နေတုန်းပဲ။ အမောပြေတော့ တာရိုးပေါ်ကို ဝမ်းလျားမှောက်ပြီး တက်ကြတယ်။ တာဘောင်ပေါ်ကျော်ပြီး ဟိုဘက်ရောက်တော့မှ အသက်ရှူလို့ ရတော့တယ်။ ရောက်သွားတော့ အဖိုးက ဗိုလ်တင်ဦးဆီ ကို အကြောင်းသွားကြားတယ်။ အဖိုး သူ့ဆီရောက်တော့ သူက ပြောတယ်။
“ခင်ဗျားအခုမှ ပြန်ရောက်လား”
“ဟုတ်တယ် ကျနော် အခုမှ ပြန်ရောက်တယ်။ ပစ်လိုက်တာ အလူးအလိမ့်ပဲ။ မသေလို့ကျန်တာ”
“ငါ ကြားတယ်။ ဟိုကောင်တွေကို ငါ ခေါ်ခိုင်းတာ မင်းတို့ ပါမလာဘူး။ သူတို့ဟာသူတို့ ပြန်ဆုတ်လာတယ်”
သူ တော်တော် ဒေါပွတယ်။ အဲဒါနဲ့ အဖိုးနေတဲ့နေရာကို သူလိုက်လာတယ်။
သူက မေးတယ်။ “မင်းဘယ်တော့ ပြန်မလဲ”
“ဗိုလ်ကြီးပြန်လွှတ်မှ ပြန်လို့ရမှာပေါ့။ မလိုတော့ဘူးဆိုမှ ကျနော် ပြန်မှာပေါ့”
“အေးကွာ နားနားနေနေ နေကြဦးကွာ။ ဒီကောင်တွေကို အကဲခတ်ကြည့်လိုက်ဦးမယ်”
၂-၃ ရက်ကြာတော့ ရန်သူက မတက်လာတော့ဘူး။ ပြန်ဆုတ်သွားပြီ။
အဲဒီတော့မှ သူက “မင်းတို့ ပြန်ရင် ပြန်လို့ရပြီ။ ကျေးဇူးတင်တယ်ကွာ။ မင်းတို့တပ်စုလေးက တိုက်ရည်ခိုက်ရည် တော်တော်ကောင်းတယ်”
ဒါနဲ့ပဲ အဖိုး ပြန်လာတယ်။ အဖိုးတပ်ခွဲမှူး ဗိုလ်ကြီးစလွယ်ဆီရောက်တော့ …
“ဘယ့်နှယ့်လဲကွ။ ဗိုလ်ကျော်သောင်း”
“ဟာ မသေလို့ ပြန်လာတယ်”
“ငါ သိပါတယ်ကွာ”
“တပ်ခွဲမှူး ငါ့ကို စာရေးလိုက်တယ်။ ခင်ဗျားတပ်စု သိပ်တော်တာပဲ။ သတ္တိကောင်းတယ်လို့ ပြောတယ်”
အဲဒီလိုနဲ့ တပ်ခွဲကို ပြန်ရောက်သွားတယ်။
ဆက်လက်ဖော်ပြပါမယ်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger