Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » TheVoice အယ်ဒီတာချုပ်နှင့်​ ဆက်သွယ်​မေး​မြန်း​ချက်

TheVoice အယ်ဒီတာချုပ်နှင့်​ ဆက်သွယ်​မေး​မြန်း​ချက်

Written By kawknyaw on Thursday, March 15, 2012 | 3/15/2012

March 15, 2012 by ​အေး​နိုင် (ဒီဗွီဘီသတင်းဌာန)

သည်ဗွိုက် ဂျာနယ်ပါ ၀န်ကြီးဌာနတချို့ ကျပ် သိန်းထောင်ချီ အလွဲသုံးမှု သတင်းနဲ့ ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဌာနက ဥပဒေကြောင်းအရ ဆောင်ရွက်မယ် လို့ နိုင်ငံပိုင် သတင်းစာတွေကနေ ကြေညာထားပါတယ်။  ဒီကြေညာချက်နဲ့ ပတ်သက်ပြီး သည်ဗွိုက် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို ဆက်သွယ်မေးမြန်း ထားပါတယ်။ သတ္ထုတွင်းဝန်ကြီးဌာန သတင်းတပုဒ်နဲ့ ပတ်သက်ပြီးတော့ သည်ဗွိုက် ဂျာနယ်ကို တရားဥပဒေ အရ ဆောင်ရွက်သွားမယ်ဆိုတာ တရားစွဲမယ်လို့ ရည်ညွန်းတာလို့ သည်ဗွိုက် က ယူဆပါသလား၊ ဘယ်လိုမျိုး ယူဆပါသလဲ။

“ကျနော်တို့ကတော့ တရားဥပဒကြောင်း ဆိုတာကတော့ အမျိုးမျိုး ရှိတယ်လေ။ အဲဒီထဲမှာလည်း တရားစွဲတဲ့ အဆင့်တခု ပါတာပေါ့နော်။ သူတို့ထဲမှာလည်း ပြောထားတာက တရားဥပဒေကြောင်း လို့ ပြောထားတဲ့ အတွက် ပြတ်ပြတ် သားသား မပြောတဲ့အတွက် ကျနော်တို့ကလည်း ထင်မြင်ချက် ပေးဖို့ ခက်ပါတယ်။ သူတို့ဖော်ပြတဲ့ သတင်းက သတ္ထုတွင်း ဝန်ကြီးဌာန ကပဲ ပြောတာ လား၊ ပြန်ကြားရေး ဌာနက ပြောတာလား ဆိုတာ မသဲကွဲပါဘူး။ သတင်းအင်္ဂါရပ် နဲ့ ကြည့်တဲ့ အခါကျတော့လည်း သတင်း ရင်းမြစ်ဆိုတာလည်း မတွေ့ရဘူးလေ။
အဲဒီတော့ ဒီမှာ ဖော်ပြတဲ့ သတင်းစဉ်ဆိုတာက နိုင်ငံတော်အစိုးရကို ရည်ညွှန်း နေကြ မဟုတ်လား။
“သတင်းစဉ်ဆိုတော့ ပြန်ကြားရေးက မြန်မာ့သတင်းစဉ် ပါပဲ။”
ဒီသတင်းရေးသားမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဖတ်ရတယ်။ သည်ဗွိုက် ဂျာနယ်က အရေးအသားမှာ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ငွေတွေ မသွင်းတဲ့ ကိစ္စလည်း ကျနော်တို့ တွေ့ရတယ်။ စိုက်ပျိုးရေးနဲ့ လယ်ယာ ဆည်မြောင်း ဝန်ကြီးဌာနရဲ့ ကိစ္စတွေ လည်း ပါတယ်။ သတ္ထုတွင်း ဝန်ကြီးဌာနလည်း ပါတယ်။ အမှတ် ၁ စက်မှုဝန်ကြီးဌာနလည်း ပါတယ်။ မနေ့က  အစိုးရပိုင် သတင်းစာတွေမှာ သတင်းဖော်ပြတာက သတ္ထုတွင်း ဝန်ကြီး ဌာနနဲ့ ပတ်သက်တဲ့ ရေးသားချက်က မဟုတ် မမှန်တာလို့ ရေးသားတယ် ဆိုတော့ ကျန်တဲ့ အချက်တွေက မှန်တယ်လို့ ဝန်ခံတဲ့သဘောလား။ ဘယ်လို ယူဆပါသလဲ။
“ဒါကိုတော့ သတင်းဖော်ပြတဲ့ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့သတင်းစဉ်ကို မေးတာက ပိုပြီးတော့ ကောင်းပါလိမ့်မယ်။ ကျနော်တို့ကတော့ သည်ဗွိုက်ဂျာနယ်မှာ ပါတဲ့ သတင်းနဲ့ ပတ်သက်ပြီးတော့ပဲ ပြောလို့ ရတယ်လေ။ နောက်တခုက သူတို့ထဲမှာ ပါတဲ့ သတ္ထုတွင်း ဝန်ကြီးဌာနက ကျနော်တို့ကို ပြောထားတဲ့ အချက်တွေကလည်း ကျနော်တို့ မရေးတဲ့ အချက်တွေ ပါ ပါတယ်။ ဂျာနယ် ထဲမှာတော့ သတ္ထုတွင်း ဝန်ကြီး ဌာနနဲ့ ပတ်သက်ပြီး ရေးထားတာ တကြောင်းတည်းပဲ ရှိတယ်။”
သတ္ထုတွင်းဝန်ကြီးဌာနနဲ့ ပတ်သက်ပြီးတော့ ဌာနတခုတည်းရဲ့ သတင်းနဲ့ ပတ်သက် လို့ ပြောလို့ရှိရင် သည်ဗွိုက် ဂျာနယ် က စကားလုံး အသုံးအစွဲပဲ ဖြစ်ဖြစ်၊ ဦးတည်ချက်ပဲ ဖြစ်ဖြစ် အာမခံ နိုင်လား။ တကယ်လို့ တရားစွဲမယ် ဆိုလို့ရှိရင် ရင်ဆိုင်ဖို့ အသင့်ရှိလား။
“ကျနော်တို့ဘက်က တရားတဘောင်ဆိုတဲ့ ကိစ္စမျိုးကို မရောက်ရင်တော့ အကောင်းဆုံးပေါ့လေ။ ရောက်မယ် ဆိုလို့ရှိရင်လည်း ဘယ်သူက ပိုပြီးတော့ သိက္ခာကျနိုင် မလဲ၊ ဘယ်သူက ပိုပြီး ထိခိုက်နိုင်မလဲ ဆိုတာကတော့ သက်ဆိုင်ရာ ကာယကံရှင်တွေ အနေနဲ့ စဉ်းစားဖို့ လိုတာပေါ့။ ကျနော်တို့ ဖော်ပြထားတဲ့ သတင်းကတော့ စာရင်း စစ်ချုပ်ရုံးကနေပြီးတော့ ပြည်သူ့လွှတ်တော်မှာ ရှိတဲ့ ပြည်သူ့ငွေစာရင်း ကော်မတီကို အစီရင်ခံထားတဲ့ အစီရင်ခံစာအပေါ်မှာ မူတည်ပြီးတော့ သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဆီက အတည်ပြုချက် ယူ မေးမြန်းပြီးတော့ အစီရင်ခံစာမှာ ပါတဲ့ အတိုင်း ဖော်ပြထားတာ။
ဒါကြောင့် ကျနော်တို့ဘက်ကတော့ ဒီကိစ္စက အဲဒီလောက် ခိုင်လုံ တိကျတယ်လေ။ ဒီလို ခိုင်လုံ တိကျတဲ့ သတင်းမျိုးကို တဖက်က ဥပဒေကြောင်း အရ လုပ်မယ် ဆိုလို့ ရှိရင် ရေရှည်မှာ ဘယ်သူက ထိခိုက် နစ်နာနိုင်သလဲ ဆိုတာတော့ စဉ်းစားဖို့လိုပါလိမ့်မယ်။ ကျနော်တို့ အနေနဲ့ကတော့ ဥပဒေကြောင်းတို့ ဘာတို့ ဆိုတာမျိုး မလုပ်စေချင်ပါဘူး။ အဓိက ကတော့ မီဒီယာနဲ့ ဝန်ကြီးဌာန တချို့ရဲ့ တိုက်ပွဲ၊ ရန်ပွဲ အသွင် မဆောင်စေချင် ဘူး။ ပြည်ထောင်စု ဝန်ကြီးဌာနတွေ ကလည်း မီဒီယာတွေကို ကြောက်သွားတာမျိုး မဖြစ်စေချင် ဘူး။ အပြန်အလှန် နားလည်မှုလွဲတာ မဖြစ်စေချင်တာ သတင်းသမားတွေရဲ့ သဘောထားပါ။ ကျနော်တို့က သတင်းတွေကို မခိုင်လုံ၊ မတိကျဘဲနဲ့ ထည့်လို့ မရဘူး။ ဖြစ်စေချင်တာ ကတော့ ဝန်ကြီးဌာန အာဏာပိုင်တွေ ကလည်း သူတို့ကို မေးရင်တော့ အကုန်လုံးက   ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး လုပ်နေတယ်လို့ အမြဲ ပြောတာကိုး။ မီဒီယာတွေကလည်း အတူတူပဲလေ။ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး လုပ်တာပဲ။ အဲဒီတော့ ပြည်သူ့အကျိုး နိုင်ငံအကျိုး လုပ်တာချင်းဆိုရင် ရည်ရွယ်ချက်ခြင်း၊ ရည်မှန်းချက်ခြင်း တူတဲ့သူတွေ အချင်းချင်း အနေနဲ့ ပဋိပက္ခ အသွင် မဆောင်စေချင်ဘူး။ အခု ကိစ္စက အဓိပ္ပာယ် ကောက်ယူမှု လွဲတာတွေ ရှိတယ်လေ။ နှစ်ဖက်စလုံးမှာပေါ့။ နှစ်ဖက်စလုံးမှာဆိုတာက  ဝန်ကြီးဌာနတွေ အနေနဲ့ကလည်း စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာမှာ ပါတဲ့ ဝန်ကြီးဌာနတွေရဲ့ ငွေကြေးပိုင်းဆိုင်ရာ ကိစ္စအတွက် ကျနော်တို့ သတင်းအပေါ်မှာ အကောက်အယူ လွဲတာတွေ၊ အဓိပ္ပာယ် ကောက်လွဲတာတွေ၊ ဘာသာပြန် လွဲတာတွေ ရှိတယ်။ သူတို့က ဘာကောက်လိုက်လဲ ဆိုတော့ သူတို့ သတင်းထဲမှာလည်း ဖော်ပြထားတဲ့အတိုင်းပေါ့။ ကျနော်တို့ဘက်က မဟုတ်မမှန် လုပ်ကြံ ဆိုတာမျိုးက ဒါ အဓိပ္ပာယ်ကောက် လွဲတယ်လို့ပဲ ကျနော်တို့က ကောက်ချက်ချပါတယ်။ သတင်းရေးသားတာမှာ တော်တော် များများက တရားစွဲမယ် ဆိုတာချည်း ကို ခေါင်းတတ်နေကြတာလေ။ ခေါင်းတတ်နေကြတော့ တဖက်ကလည်း ဒီလို အဓိပ္ပာယ်ကောက် လွဲပြီးတော့ တဖက်နဲ့ တဖက်ကြားမှာ နားလည်မှု ပိုဝေးသွားတာမျိုးကို မဖြစ်စေချင်ပါဘူး။”
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger