Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ကချင်ပြည်နယ်မှာ တိုက်ပွဲများ ဆက်လက်ပြင်းထန်

ကချင်ပြည်နယ်မှာ တိုက်ပွဲများ ဆက်လက်ပြင်းထန်

Written By kawknyaw on Wednesday, January 23, 2013 | 1/23/2013

ကချင်ရှေ့တန်းစစ်မျက်နှာမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်သားတဦး (ဓာတ်ပုံ – စနေလင်း / ဧရာဝတီ)

ကချင်ပြည်နယ်အတွက် ငြိမ်ချမ်းရေး ဆွေးနွေးဖို့ လမ်းစမပေါ်နိုင်သေးဘဲ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ အပြင်းအထန် ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရပါတယ်။
အစိုးရ စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ KIA အတွက် အဓိက အရေးပါတဲ့ တောင်ကုန်းတခုဖြစ်တဲ့ ခါရာတောင်ကုန်းကို မြေပြင် တပ်အင်အား အလုံးအရင်းနဲ့ တက်လာပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အစိုးရတပ်ကို တန်ပြန် တိုက်ခိုက်နေတဲ့ ကချင်ရှေ့တန်း စစ်မြေပြင် အရာရှိ တဦးက ဧရာဝတီကို ပြောပါတယ်။
“ခါရာကို ထိုးနေတာကြာပြီ။ တက်လာလိုက်ပြန်၊ လန်ကျလိုက်ဖြစ်နေတာ။ အခု ခါရာကို သိမ်းပြီးသွားရင်တော့ ဒီဒေသတခွင်လုံး ကျပြီ။ အဲဒါကြောင့် ခါရာကို သူတို့ရအောင် တိုက်နေတာ။ စစ်တပ်က ဒေသစိုးမိုးဖို့အတွက် ဒီပတ်ပတ်လည်မှာ ရှိတဲ့တောင်ကုန်းတွေကို အကုန်တိုက်နေတာ။ အခုလောလောဆယ်က တောင်ကုန်းအမြင့် ၂ ကုန်းဖြစ်တဲ့ ၇၇၁ ဘွန်လွယ်ကုန်းနဲ့ ဖွန်းပြင်ဘွန် တောင်ထိပ် ၂ ခုကို သူတို့လက်နက်ကြီးတွေ တင်ထားပြီ” လို့ အဆိုပါ ကချင်ဘက်က အရာရှိက ဧရာဝတီကို ပြောပါတယ်။
အစိုးရက လဂျားယန်ဒေသကို စစ်ဆင်ရေးရပ်လိုက်ပြီလို့ ၁၉ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပေမယ့် နောက်တနေ့ မနက်ကစပြီး လဂျားယန်အပါအဝင် ကချင်ပြည်နယ်အတွင်း KIA ထိန်းချုပ်ရာ ဒေသအများစုကို အစိုးရစစ်တပ်က မြေပြင်ထိုးစစ်တွေနဲ့ လေယာဉ် အပါအဝင် အမြောက်လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်မှုတွေ ပိုပြီးအရှိန်မြှင့် လုပ်ဆောင်နေပြီး ဒီနေ့မှာဆိုရင် အမြင့်ဆုံး အနေအထားထိ ရှိနေပြီလို့ KIA နဲ့ ဒေသခံတွေအပါအဝင် ယင်းနေရာကိုရောက်ရှိနေတဲ့ သတင်းထောက်တွေ က ပြောဆိုကြပါတယ်။
သမ္မတ ဦးသိန်းစိန်က အစိုးရ စစ်တပ်အနေနဲ့ KIA ဌာနချုပ်ရှိရာ လိုင်ဇာကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ဇန်နဝါရီလ ၂၀ ရက်နေ့က ရန်ကုန်မြို့မှာ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ ပြောဆိုခဲ့ပြီးနောက် ကချင်ပြည်နယ် အတွင်းမှာ ထိုးစစ်တွေ အရှိန်ပိုမြင့်လာတဲ့အတွက် သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို သံသယ ဖြစ်မိကြောင်း KIA ရဲ့ မဟာမိတ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ပြောဆိုပါတယ်။
“ငြိမ်းချမ်းရေးကို သမ္မတက တကယ်လုပ်ချင်တယ် ဆိုရင်တောင်မှ စစ်တပ်ကို ကျော်ပြီးလုပ်လို့ မရဘူးဆိုတာ အခုဒီနေ့ ဖြစ်နေတဲ့ စစ်ပွဲတွေ ကနေ ဖော်ပြနေတယ်၊ ဒါကြောင့် သမ္မတ ဦးသိန်းစိန်က စစ်တပ်ရဲ့အောက်ကလားဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်နေတယ်။ ဒီမိုကရေစီနိုင်ငံမှာ သမ္မတရဲ့ အမိန့်အာဏာက အမြင့်ဆုံးဖြစ်ပေမယ့် စစ်တပ်က လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုတာ ဘာကြောင့်လဲ ဆိုတာလည်း နားလည်ရခက်တယ်” လို့ ဗိုလ်မှူး မင်းဌေးက ပြောပါတယ်။
လိုင်ဇာတဝိုက်မှာရှိတဲ့ KIA တောင်ကုန်းတွေကို သိမ်းယူနိုင်ရေးအတွက် ယနေ့မှာလည်း ဗန်းမော် လမ်းကြောင်းမှတဆင့် စစ်ကား ၂၆ စီးနဲ့ ရာချီတဲ့ စစ်သည်အင်အားတွေကို တင်ဆောင်လာတယ်လို့ စစ်မြေပြင်သတင်း ရရှိကြောင်း သူက ထပ်မံပြောဆိုပါတယ်။
ကချင်ပြည်နယ်ထဲမှာ ထပ်မံဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပါတ်သက်ပြီး သမ္မပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က KIA တပ်ဖွဲ့တွေ အနေနဲ့ အစိုးရတပ်စန်းတွေကို အလစ်ဝင် တိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် ပြန်လည်ခုခံ တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း သူ့ရဲ့ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာကတဆင့် ရှင်းပြထားပါတယ်။
အစိုးရတပ်တွေနဲ့ KIA တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားမှုကြောင့် စစ်ဘေးခိုလှုံသူတွေ နေ့စဉ်တိုးပွားနေပြီး ဒုက္ခသည် ဦးရေလည်း မြင့်တက်လာကြောင်း၊ တချိန်တည်းမှာပဲ ဂျေယန့်နဲ့ မိုင်ဂျာယန် ဒုက္ခသည် စခန်းတွေမှာ ကလေးငယ်တွေ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါနဲ့ ခန္ဓာကို ဖောယောင်နေတဲ့ ရောဂါဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဒုက္ခသည် စခန်းများ ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆားက ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် အစိုးရတပ်တွေ လိုင်ဇာမြို့နဲ့ ၅ မိုင်အကွာကို ရောက်ရှိနေတဲ့အတွက် လိုင်ဇာမြို့ပေါ်နဲ့ မြို့ပြင်မှာရှိတဲ့ ဒုက္ခသည် ၁၅၀၀၀ ကျော်ရှိတဲ့ စခန်း ၄ ခုမှာလည်း လုံခြုံရေးအရ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် လိုင်ဇာမြို့ပေါ်မှာရှိတဲ့ ဧရာဝတီ သတင်းထောက်က မြို့ပေါ်မှာ အနည်းငယ် တည်ငြိမ်မှု ရပြီဖြစ်တဲ့အတွက် စာသင်ကျောင်းတွေတောင် ယနေ့ ပြန်ဖွင့်လိုက်ပြီလို့ ဆိုပါတယ်။
ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နှစ်ဖက်တပ်တွေ တွေ့ဆုံဆွေးနွေးနိုင်ရေးမှာလည်း KIO က နောက်ဆုံးအကြိမ် စာပြန်ပြီးနောက် အစိုးရဘက်ကလည်း အကြောင်းပြန်ကြားမှု မရှိတော့ကြောင်း KIO နဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကြားမှာ ဆောင်ရွက်ပေးနေတဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) ၏ အကျိုးတော်ဆောင် တဦးဖြစ်တဲ့ ဦးဆန်းအောင်က ဧရာဝတီကို ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ယခုလ ၁၉ ရက်နေ့ နေ့စွဲနဲ့ KIO ကို လက်ရှိ ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများအရေး ကိစ္စဖြေရှင်းရန်နှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး ကိစ္စများ ဆွေးနွေးရန် စာပို့အကြောင်းကြားခဲ့ပြီး KIO က အစိုးရအနေနဲ့ ထိုးစစ်တွေ ဆက်တိုက်ပြုလုပ်နေတဲ့ အတွက် စစ်ရေးအရ ဖိအားပေးမှု အခြေအနေအောက်တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေနှင့်သာ ဆွေးနွေးရန် အကြောင်းပြန်ခဲ့ပါတယ်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger