Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ကွယ်လွန်သူ KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် သားကြီးစောနေကော်တို့အတွက် ၀တ်ပြုဆုတောင်း

ကွယ်လွန်သူ KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် သားကြီးစောနေကော်တို့အတွက် ၀တ်ပြုဆုတောင်း

Written By kawknyaw on Saturday, January 19, 2013 | 1/19/2013

ဇန်န၀ါရီလ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကွယ်လွန်သူ ကရင့်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် သားကြီး စောနေကော်မြတို့အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ သတိရအောက်မေ့သည့်အနေဖြင့် ခရစ်ယာန်ဘာသာအရ ၀တ်ပြုဆုတောင်းပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ဟွေးမယ်ပရွာတွင် ယနေ့ ပြုလုပ်ခဲ့ကြသည်။
ဘ၀တစ်ပါး ကူးပြောင်းသွားသူ ၎င်းတို့နှစ်ဦးအတွက် သတိရအောက်မေ့သည့်အနေဖြင့်လည်းကောင်း၊ “ကောင်းရာသုဂတိ လား ပါစေ”ကြောင်း ရည်စူး၍ နှစ်စဉ်နှစ်တိုင်း ၀တ်ပြုဆုတောင်းပေးခြင်းဖြစ်ကြောင်း KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ ဇနီး နော်လားဖိုးက ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “ကျမတို့အတွက် အကောင်းဆုံးဖြစ်အောင် ရှေ့ဆောင်လမ်းပြပေးခဲ့ပြီး ကိုယ့်လူမျိုးအကျိုးအတွက် ရည်မှန်းချက် ခိုင်ခိုင် မာမာနဲ့ ကျိုးပမ်းဆောင်ရွက်ပေးသွားခဲ့တဲ့ ခင်ပွန်းသည်နဲ့ သားကြီးတို့ကို အမြဲတမ်း သတိရ အောက်မေ့တဲ့အနေနဲ့ မိတ်ဆွေတွေ နဲ့အတူ အခုလို ဘုရားရှိခိုးဆုတောင်းပေးတာပါ”ဟု ပြောသည်။
ယနေ့ပြုလုပ်သည့် အောက်မေ့ဝတ်ပြုဆုတောင်းပွဲသို့ KNU ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် အပါအ၀င် အခြားကရင်အဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီအင်အားစုများနှင့် မိသားစုဝင်များ အပါအ၀င် လူပရိဿတ်ပေါင်း ၃၀၀ကျော် တက်ရောက်ခဲ့ကြသည်။
၎င်းဝတ်ပြုဆုတောင်းပွဲကို ပုံမှန်အားဖြင့် နှစ်စဉ်နှစ်တိုင်း ဇန်န၀ါရီလ ၂၀ရက်နေ့တွင် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ကရင် အမျိုးသမီးအစည်းအရုံး-KWO ၏ ညီလာခံ ကျင်းပမည့်ရက်နှင့် နီးကပ်နေသဖြင့် ရက်ရွှေ့ဆိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ကရင် အမျိုးသမီးအစည်းအရုံး-KWO ဥက္ကဌလည်းဖြစ်သူ နော်လားဖိုးက ပြောသည်။
ဗိုလ်ချုပ်ကြီးစောဘိုမြသည် ၁၉၃၀ခုနှစ်၊ ဇန်န၀ါရီလ ၂၀ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၂၀၀၆ခုနှစ်၊ ဒီဇင်ဘာလ ၂၄ရက်နေ့တွင် လူကြီးရောဂါဖြင့် မဲဆောက်မြို့ ဖဝေါ်ဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ ထီးမူခီးကျေးရွာတွင် မွေးဖွားခဲ့သူ ဗိုလ်ချုပ်ကြီးစောဘိုမြ သည် ကျေးလက်ဒေသ၌ပင် ပညာသင် ပြီး တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာကာ ၅၇နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်း၏ဖြတ်သန်းမှုကို ကွယ်လွန်သူ KNU အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလားဖန်းက “ဗိုလ်ချုပ်မြ (သို့) တော်လှန်ရေး မုန်တိုင်းအတွင်းမှ သစ်တပင်” ဆောင်းပါးကို ရေးသားခဲ့သည်။
ယင်းဆောင်းပါးတွင် “နအဖက ငါ့ကိုဆေးကုဖို့ ရန်ကုန်ကိုခေါ်တယ်။ ကရင်ပြည် မပေးရင် ငါမသွားနိုင်ဘူး။ သူတို့က ဒို့ကရင်အ မျိုးသားတွေကို စစ်ဆင်နေတယ်။ သတ်ဖြတ်နေတယ်။ သစ္စာကတိမတည်ဘူး။ ရိုးသားမှုမရှိဘူး။ ကရင့်တော်လှန်ရေးဟာ လက် နက်ချဖို့ မပြောနဲ့၊ လက်နက်ချစကားတောင် မပြောရဘူး”ဟု နေမကောင်းဖြစ်နေချိန် ၂၀၀၆ခုနှစ်၊ ဇူလိုင်လ ၁၃ရက်နေ့တွင် နောက်ဆုံး ပြောကြားခဲ့ကြောင်းလည်း ရေးသားထားသည်။
ဗိုလ်ချုပ်ကြီးစောဘိုမြသည် တော်လှန်ရေးသမိုင်းတစ်လျှောက်တွင် တပ်သားဘ၀မှစတင်ပြီး KNU စစ်ဦးစီးချုပ်၊ ကာကွယ်ရေး ဌာနနှင့် ဥက္ကဌ တာဝန်တို့အပြင် NDF၊ DAB၊ NCUB စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထား သည့် မဟာမိတ် အဖွဲ့အစည်းကြီးများတွင်လည်း ဥက္ကဌနှင့် အခြားတာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger