Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » “ကျွန်တော်သမ္မတမလုပ်ချင်ဘူး”

“ကျွန်တော်သမ္မတမလုပ်ချင်ဘူး”

Written By kawknyaw on Sunday, September 29, 2013 | 9/29/2013

“ဒီမိုကရေစီလမ်းကြောင်းကိုသွားလို့နှစ်နှစ်ကြာလာတဲ့အချိန်မှာ သမ္မတလုပ်ချင်တဲ့သူတွေအတော်များတာပဲ”
“ဟုတ်ပါတယ်ကိုဘသစ်ရာ၊ ပွင့်လင်းမြင်သာမှုရှိလာတာကြောင့် သမ္မတလုပ်မယ်မလုပ်ဘူဆိုတာမျိုးတွေကိုကြား နေရတာပေါ့”
“လုပ်ချင်သူတွေများလေ လူကောင်းတွေကိုရွေးလို့ရလေပေါ့”
“ဟုတ်ပါတယ်။ ကျွန်တော်တော့ သမ္မတမလုပ်ချင်ဘူး”
“ကိုဘသစ်ဘာပြောတာလဲဗျ”
“ကျွန်တော်သမ္မတ မလုပ်ချင်တာကိုပြောတာပါ”
“ခင်ဗျားကိုဘယ်သူကကမ်းလှမ်းလို့လဲ”
“မကမ်းလှမ်းပါဘူး”
“အင်း၊မကမ်းလှမ်းတာကတော့ သဘာဝကျပါတယ်။ကမ်းလှမ်းလျက်နဲ့မလုပ်ရင်တော့ခင်ဗျားကိုရူး နေတယ်လို့ လူတွေပြောကြမှာပေါ့”
“ဘာဖြစ်လို့လဲ”
“သမ္မတဆိုတာတိုင်းပြည်ရဲ့အကြီးအကဲ၊ဂုဏ်သိက္ခာအင်မတန်ရှိတယ်။နိုင်ငံတကာကိုလည်းသွားရောက်လယ်ပတ်ခွင့်ရှိ တယ်။အိမ်ကောင်းကောင်း၊ကားကောင်းကောင်းလခကောင်းကောင်းရတယ်”
“ဒါတော့သိပါတယ်၊တကယ်တန်း တိုင်းပြည်အကျိုးတကယ့်ကိုသယ်ပိုးနိုင်မယ်လို့ယုံကြည်သူတွေကသမ္မတ လုပ်ချင်တယ် လို့ပြောတာဖြစ်မှာပေါ့”
“ယုံကြည်လို့လုပ်သူတွေရှိသလို ရာထူးလိုချင်တဲ့လူတွေလည်း ရှိမှာပေါ့”
“ဒါပေမဲ့ သမ္မတဆိုတာ တာဝန်ရှိတယ်ကွ။ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ သမ္မတဖြစ်ရတယ်ဆိုတာ တိုင်းပြည်မှာ တာဝန်အကြီးဆုံးပဲ။ ခုကြည့်လေ၊တို့သမ္မတကြီးဦးသိန်းစိန်ဆို အင်္ဂလန်သွားရ ဖင်လန်သွားရနဲ့ အလုပ်အင်မတန်များနေတယ်မဟုတ်လား”
“ဒါပေမဲ့ သမ္မတလုပ်ပါလို့တောင်းဆိုတဲ့အခါ ဒီအလုပ်ကို မလုပ်ဘူးဆိုရင်ရူးနေတာပေါ့”
“ခင်ဗျားကိုပြောစရာတွေအများကြီးရှိတယ်။ သမ္မတ မလုပ်ချင်တဲ့လူကိုအရူးလို့ပြောတာပေါ့ဟုတ်လား”
“ဟုတ်တယ်လေ၊အရူးပေါ့၊ဒီလောက်ကောင်းတဲ့ရာထူး”
“ဒါဆိုရင်မင်းအိုင်းစတိုင်းကိုအရူးလို့သွားပြောပေတော့”
“အိုင်းစတိုင်းဆိုတာ တကယ့်ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးမဟုတ်လား၊သူက နိုဘဲလ်ဆုကိုလည်းရသေးတယ်။ သူကနိုင်ငံရေးသမားမှမဟုတ်တာပဲ။ ဘယ်လိုလုပ်ပြီး သူကသမ္မတမလုပ်ချင်ဘူးလို့ပြောတာလဲ”
“နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ယှက်နွှယ်နေတယ်။သူက နီုင်ငံရေးကြောင့်အမေရိကန်နိုင်ငံကိုထွက်ပြေးလာတဲ့သူပဲလေ။ သူကဂျူးလူမျိုး၊ဂျာမနီမှာနေတယ်။ဟစ်တလာရဲ့နာဇီအဖွဲ့ကဂျာမနီကို အုပ်ချုပ်တော့   ဂျူးတွေကိုသတ်တယ်”
“ဂျူးခြောက်သန်းကျော်သေတယ်”
“အိုင်းစတိုင်းတို့ဟာ ဂျာမနီက လွတ်မြောက်အောင်ကြိုးစားခဲ့တယ်။နောက်ဆုံးအမေရိကန်ပြည်ထောင်စုကိုရောက် လာတယ်။ သူဟာပရင်စတန်တက္က သိုလ်မှာပါမောက္ခဖြစ်လာတယ်။ အဲဒီကာလမှာ နာဇီတွေဟာ အဏုမြူဗုံးလုပ်နိုင် တဲ့အနေအထားရှိကြောင်း အိုင်းစတိုင်းက သိတယ်။ဒီတော့ ဂျာမန်တွေအဏုမြူဗုံးရသွားရင် ကမ္ဘာကြီးပျက်သုဉ်းသွား နိုင်တယ်လို့ အိုင်းစတိုင်းက သဘောပေါက်တယ်။ဒါကြောင့် အမေရိကန်တွေ ကနာဇီတွေထက် ဗုံးအရင်လုပ်သင့်တယ်လို့ သမ္မတဆီစာရေးတယ်”
“ အဲဒီအချိန်က သမ္မတကဘယ်သူလဲ”
“အမေရိကန်သမ္မတ F.D. Roosevelt လက်ထက်ပါပဲ ။ သူ့ဆီကိုစာရေးတာပေါ့”
“သမ္မတက လက်ခံလား”
“ဆွေးနွေးတိုင်ပင်တာပေါ့။ အတော်ကြာသွားတယ်။ အဏုမြူဗုံးကိုတော့ သမ္မတ လက်ထက်မှာမှ အောင်မြင်ခဲ့တယ်”
“အိုင်းစတိုင်းရဲ့စာကို အခြေပြုပြီး အမေရိကန်တွေက အဏုမြူဗုံးကိုထုတ်လုပ်ခဲ့တယ် ဆိုပါတော့”
“မှန်ပါတယ်။ ဒီကိစ္စဟာ အိုင်းစတိုင်းရဲ့စာကြောင့်အောာင်မြင်သွားတယ်လို့ဆိုနိုင် ပါတယ်။ဒါပေမဲ့ဂျာမနီကိုတော့ အ ဏုမြူဗုံး မသုံးလိုက်ရပါဘူး။ဂျပန်မှာပဲဗုံးနှစ်လုံးချဖြစ်ခဲ့တယ်။ ကမ္ဘာစစ်ကြီးပြီးသွားတယ်”
“အိုင်းစတိုင်း လိုအပ်ချက်တွေအောင်မြင်သွားတော့ သူပျော်မှာပေါ့”
“အောင်မြင်ပေမဲ့ဒီလောက်လူတွေသေတာကိုသိတော့ အိုင်းစတိုင်းနောင်တရသွားပါတယ်၊
ငါဘယ်တော့မှ နိုင်ငံရေးနဲ့မပတ်သက်တော့ပါဘူးလို့ဆုံဖြတ်ခဲ့ဟန်တူတယ်”
“နောင်တရလောက်ပါတယ်။ဒါပေမဲ့သူ့အရှိန်အ၀ါကတော့ကြီးနေဆဲပဲမဟုတ်လာား”
“ဟုတ်ပါတယ်။တစ်ဖက်ကလည်း စစ်ကြီးအပြီးမှာ ဂျူးးတွေဟာသူတို့ရဲ့ အစ္စရေးနိုင်ငံတည်ထောင်ခွင့်ရခဲ့တယ်။ ဒီအတွက် သူတို့ဆီမှာအတော်ဆုံးလူတွေကိုစုပြီး အခွင့်အရေးတွေပေးတာပေါ့။ သူတို့ဟာ ကမ္ဘာမှာအထင်ရှားဆုံး ပုဂ္ဂိုလ်တစ် ယောက်ဖြစ်တဲ့ အိုင်းစတိုင်းကိုသမ္မတအဖြစ်ဆောင်ရွက်ဖို့ကမ်းလှမ်းခဲ့တယ်”
“သြော်သိပြီ အိုင်းစတိုင်းက ‘ကျွန်တော်သမ္မတမလုပ်ချင်ဘူး’ လို့ပြောတယ်ဆိုပါတော့”
“ခင်ဗျားဟာ အဆုံးထိပြောပြမှသိတော့တယ်”
“ဒါကတော့ကိုဘသစ်ရာ ကျွန်တော်က ဗုဒ္ဓဘာသာနိပါတ်တော်တစ်ခုသွားသတိရနေလို့ပါ”
“ဘာနိပါတ်လဲ။ ၅၅၀ နိပါတဆိုင်ကျုပ်အကုန်သိတယ်”
“ကြွားမနေပါနဲ့ဗျာ။ ကျွန်တောာ်က တရားတော်အခွေတွေထဲမှာကြားဖူးတာ။ ငရဲပန်းကိုနတ်ပန်းထင်ဆိုတာ”
“သိပြီ။ လူတစ်ယောက်ဟာ ငရဲပြည်ရောက်သွားတာလေ။ သူကိုယ်တိုင်ငရဲပြည်ရောက်နေတာကိုသူမသိဘူး။တစ်နေရာမှာ လူတစ်ယောက်ဟာ နတ်ပန်းတွေပန်ထားတာကိုသူတွေ့တယ်တဲ့။  အဲဒီနတ်ပန်းတွေဟာ အရောင်အ၀ါတွေ ဖြန့်ထွက် နေလိုက်တာ။သူက အဲဒီနတ်ပန်းကို ကိုသူ့ကိုပေးဖို့တောင်း တဲ့ဇာတ်မဟုတ်လား”
“ဟုတ်တယ်၊ တကယ်တော့အဲဒီဟာကနတ်ပန်းမဟုတ်ဘူး။ဓားစက်ကြီး။ အရောင်အ၀ါတွေက သွေးစက်တွေပန်းထွက်နေ တာ ပါ။ သူကငရဲပန်းကိုနတ်ပန်းထင်နေတာလေ။ ဟိုလူက သူရဲ့ ငရဲလွတ်ရက်ရောက်လာလို့ လက်လွှဲယူသူကိုပေး လိုက်ခွင့်ကြုံတာနေမှာပေါ့”
“အတော်ဆိုးတဲ့ဥပမာပဲ”
“တို့ငယ်ငယ်ကဖတ်ဖူးတဲ့ပုံပြင်တွေ ထဲမှာလည်ဒီလိုပုံပြင်တွေအများကြီးပါတယ်”
“အင်း ဖတ်ဖူးသလိုပဲ”
“ထားပါတော့ ငရဲပန်းကို၂၀၁၅ မှာလွှဲပေးမယ်ဆိုရင် ခင်ဗျားလက်ခံမှာလား”
“ဝေးသေး”
“ဒါကြောင့်ပြောတာပေါ့”
“ဘယ်လို”
“ကျွန်တော်သမ္မတမလုပ်ချင်ဘူး”
“ကျွန်တော်လည်း သမ္မတမလုပ်ချင်ဘူး”

ရေးသားသူ - ဒေါက်တာခင်မောင်ညို

by Myanmar News Now
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger