Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » အိုင်တီခေတ်မှာ မိုဘိုင်းဖုန်းများအတွက် မြန်မာမှုပြုခြင်း

အိုင်တီခေတ်မှာ မိုဘိုင်းဖုန်းများအတွက် မြန်မာမှုပြုခြင်း

Written By kawknyaw on Wednesday, October 30, 2013 | 10/30/2013

မြန်မာလို အစအဆုံး သုံးနိုင်သည် ဆိုတဲ့ ကြော်ငြာ မကြာခဏ တွေ့ဖူးကြမယ် ထင်ပါတယ်။
မိုဘိုင်းဖုန်း၊ စမတ်ဖုန်းကြော်ငြာတွေမှာ ရေးထားတာပါ။


ဖုန်းတွေထဲ မြန်မာစာစနစ်ကို ထည့်တဲ့ ပထမဆုံး မိုဘိုင်းဖုန်းဟာ JAS ဖြစ်ဖွယ် ရှိပါတယ်။
အခုဆိုရင် ဒီလမ်းကြောင်းကို လိုက်သူ ရှိလာပါပြီ။
မြန်မာပြည်ဈေးကွက်ထဲက နောက်ဆုံးပေါ် ဆမ်ဆောင်းဖုန်းတွေမှာလည်း မြန်မာစာစနစ် ထည့်ထားပါတယ်။

မြန်မာစာစနစ် ဆိုတာက ဖောင့်၊ ယူနီကုတ်ထဲ ထည့်တာတခုတည်း မဟုတ်ပါဘူး။ တယ်လီဖုန်း ဆက်တင် (setting) ထဲ ၀င်ပြီး အပြောင်းအလဲတွေလုပ်ရာမှာ Wi-Fi, Bluetooth, Storage, Battery, Message, Other, DTS mode စသဖြင့် စသဖြင့် အင်္ဂလိပ်စာလုံးတွေ တွေ့ပါလိမ့်မယ်၊ အဲဒီ အင်္ဂလိပ်ဝေါဟာရများနေရာမှာ မြန်မာဝေါဟာရတွေကို အစားထိုးခြင်းပါ၊ အဲဒါကို မြန်မာစာစနစ် ထည့်ထားတယ်၊ မြန်မာလို အစအဆုံး သုံးနိုင်တယ် လို့ ဆိုကြခြင်း ဖြစ်ပါတယ်။
မြန်မာမှုပြုထားတယ် ဆိုပါစို့။

ဆက်တင်တခုလုံးကို မြန်မာလိုပြောင်းလိုက်ရင် ဘယ်ခလုပ်ထိထိ မြန်မာလိုပဲ ပေါ်လာမယ်။
မပြောင်းဘူး ဆိုရင်တော့

Wi-Fi, Bluetooth,  Battery စသဖြင့် စသဖြင့်သော အင်္ဂလိပ်စာလုံးတွေကိုပဲ တွေ့ပါလိမ့်မယ်။
ဒီနေရာမှာ မြန်မာစာစနစ်အတွက် မေးခွန်းတချို့ ပေါ်လာပါတယ် -
တကယ် အသုံးတည့်သလား၊ သုံးကြသလား
မြန်မာမှုပြုရတာ အဆင်ပြေသလား
စသဖြင့်စသဖြင့် မေးခွန်းတွေပါ။

ဒီမေးခွန်းတွေထဲက တချို့ အကြောင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရန်ကုန်မြို့က အိုင်တီဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ပြောဆို သုံးသပ် ဦးဏှောက်စားခဲ့ကြပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်တဲ့ အပလီကေးရှင်း ဖန်တီးထုတ်လုပ်သူများ ဆွေးနွေးပွဲဖြစ်ပါတယ်။

ဒီပွဲကို ဆက်သွယ်ရေးကုမ္ပဏီတခုဖြစ်တဲ့ အူရီးဒူးမြန်မာ နဲ့ Myanmar Blogger Society တို့ ပူးတွဲ စီစဉ်ကြတာပါ။

မြန်မာမှုပြုရတာ အဆင်ပြေသလား??

မြန်မာမှုပြုတဲ့အတွေ့အကြုံက မြန်မာပြည်မှာ ရှိနေတာ ကြာပါပြီ။ ပထမဆုံးအလုံးအရင်းနဲ့ မြန်မာမှုပြုတာ သမ္မာကျမ်းစာကို ဘာသာပြန်ခြင်း ဖြစ်ဖွယ် ရှိပါတယ်။

အိုင်တီခေတ်မှာတော့ ပိုများလာသလိုလို ထင်ရပါတယ်။ အလုံးအရင်းနဲ့ ပြုရတာကတော့ အခုမှ စတင်သလို ဖြစ်လာတယ်။
အိုင်တီနည်းပညာက အရပ်သားတွေထဲ ရောက်လာလို့ပါ။
ကျူရှင်စာအုပ်ထဲထည့်ဖို့ ဘာသာပြန်တာမဟုတ်ဘဲ လက်ဝါးထဲ ထည့်သုံးမယ့် ဖုန်းလေးအတွက် အကျစ်လျစ်ဆုံး တိုနှံ့နှံ့ အဖြစ်ဆုံး မြန်မာမှုပြုရ ဘာသာပြန်ရတာ ဆိုတော့ အင်မတန် အချိန်ပေးပြီး လုပ်ရမယ့်အလုပ်ပါ။
အကြိမ်ကြိမ် ပြုပြင်ရမယ်၊ အခုမှ အစပြုတာဆိုတော့ ဒီလို အဆင်မပြေတာတွေ၊ ရယ်စရာတွေ ဖြစ်လာတာပါပဲ။
ဆိုခဲ့သလိုပဲ ထပ်ခါ ထပ်ခါ ပြုပြင်ရမယ်၊ တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ လိုကယ်လိုက်ဇေးရှင်း လုပ်ရာမှာ လူတိုင်း လက်ခံနိုင်တဲ့အတိုင်းအတာရဖို့ အဆင့်ဆင့် လုပ်ကြ ပြင်ကြရတာပါပဲ တဲ့။
အခု ဖြစ်နေတဲ့ အခက်အခဲတွေကြောင့် နောက်ဆုတ်လို့ မရဘူး၊ တချို့သော ဝေါဟာရတွေကိုတော့ အသံထွက်အတိုင်း မြန်မာမှု ပြုရဖွယ်ရှိနေပါတယ်။
ဥပမာ ...ကား၊ ဂီယာ ဆိုတာတွေကို အသံထွက်အတိုင်း မြန်မာမှု ပြုလိုက်ကြရာမှာ ဟိုတုန်းက ဘယ်လို ဖြစ်မယ် မသိပါ၊ အခုတော့ အဆင်ပြေပါတယ်။

တယောက်ကတော့ ထောက်ပြပါတယ် ... ဂီယာ ဆိုတာကို အတိအကျ ဘာသာပြန်လိုက်ရင် ရှေ့တိုးနောက်ဆုတ်လိုက်နိုင်သော .... ဆိုပြီး အရှည်ကြီး ဖြစ်သွားမယ်။ ဘာသာပြန်ရတာ အခက်အခဲရှိရင် ဒီလို ထားခဲ့ပြီး အသံထွက်အတိုင်း ရေးခဲ့ ခေါ်ခဲ့ကြတာပဲ။ ကားဆိုတာကို အားလုံး နားလည်ကြတယ်၊ မောင်းနေကြတယ်။
အကုန်လုံးကို မြန်မာမှုပြုဖို့ ကြိုးစားရင် အချိန်ဖြုန်းရာရောက်တယ်၊ အချိန်ဖြုန်းလိုက်လို့ ထိရောက်လား ဆိုတော့လည်း မထိရောက်ဘူး
လို့ သူက ဆိုပါတယ်။

မြန်မာမှုပြုဖို့ရော တကယ် လိုအပ်သလား??

မြန်မာစာစနစ် ထည့်ထားခြင်း မထည့်ထားခြင်းကို ဖုန်းဝယ်သူတွေ တကယ် စိတ်ဝင်စားကြပါ့မလား၊ မြန်မာမှုပြုဖို့ရော တကယ် လိုအပ်သလား ဆိုတာတွေကလည်း မေးစရာ ဖြစ်လာပါပြီ။ ကိုယ့်မိုဘိုင်းဖုန်းထဲက  ဆက်တင်တခုလုံးကို မြန်မာလိုပြောင်းလဲတာ ရှိမယ် မထင်ဘူး။
ဧရာဝတီလိုမျိုး မြန်မာဝက်ဆိုက်တွေ၊ ပြီးတော့ လူကြိုက်များတဲ့ Facebook လို လူမှု ကွန်ရက်တွေ ကြည့်တဲ့အခါမှာတော့ မြန်မာစာ ပေါ်စေချင်ကြမှာပါ။ အဲဒီစာမျက်နှာတွေမှာ မြန်မာတွေက မြန်မာလိုပဲ ရေးနေကြလို့ပါ။
မိုဘိုင်းတွေ၊ ကွန်ပြူတာပြား တက်ဘလက်တွေထဲ မြန်မာစာစနစ် ထည့်ထားကြသူတွေ ရှိပေမယ့် သူတို့ဟာ အင်္ဂလိပ်စနစ်ပဲ ဆက်သုံးကြတာ များတယ်လို့ ဆိုကြပါတယ်။ ဒါဆိုရင် တကယ်အသုံးမတည့်ဘူးလို့ ဆိုရမလိုပါပဲ။

စမတ်ဖုန်းတွေ တက်ဘလောက်တွေမှာ မြန်မာစာစနစ်ဆိုတော့ ... မြန်မာလိုတော့ ရေးထားတာပဲ၊ သို့သော်လည်း ရယ်စရာပဲ တွေ့တယ်၊ နားတော့ မလည်ဘူးလို့ ဆိုသူက ဆိုပါလိမ့်မယ်။

သုတေသန


တခြားလုပ်ငန်းများလိုပဲ မိုဘိုင်းဖုန်း မြန်မာစာစနစ် အတွက်  ဆိုရင်လည်း သုတေသန လုပ်ရပါတယ်။

ဆွေးနွေးပွဲမှာ တက်ရောက်လာသူတဦး ပြောတာကတော့ မပြည့်စုံသေးတဲ့ မြန်မာစာစနစ် ဆိုသော်လည်း ဈေးကွက်ထဲ ပစ်ချလိုက်တယ်၊ ပြီးမှ အဆင်ပြေအောင် လုပ်စရာရှိတာတွေ ဆက်လုပ်ပါတယ် တဲ့။ 

ဆမ်ဆောင်းက ပညာရှင်တွေက မြန်မာစာအသုံးအနှုန်း စင်းလုံးမချောနိုင်ဘူး ဆိုတာ သဘောပေါက်တယ်၊ သို့သော်လည်း ဈေးကွက်ထဲ ချရောင်းတယ်၊ ပြီးမှ အသံတွေကို ပြန်နားထောင်တယ်၊ ထောက်ပြတာတွေကို ကြိုက်တယ်၊ လက်ခံမှတ်သားထားတယ်၊ ဖုန်း ၀ယ်သုံးသူတွေက သင့်ရဲ့ဖုန်းမျက်နှာပြင်ကိုဖွင့်ရန် ဤနေရာမှ လွှဲရိုက်ပါ ဆိုတာမျိုးလို ဝေါဟာရတွေ အသုံးအနှုန်းတွေကို ထောက်ပြကြပါလိမ့်မယ်။ ဒီလို ထောက်ပြတာတွေကြောင့် နောက်ပိုင်းထုတ်တဲ့ဖုန်းတွေမှာ မြန်မာစာအသုံးအနှုန်း ပိုပြီး အဆင်ပြေလာတယ်
လို့ သူက ရှင်းပြပါတယ်။
လုပ်ငန်းရှင်တွေရဲ့ သဘောထား

မြန်မာစာစနစ် ထည့်တယ် ဆိုတာက ပြည်ပလုပ်ငန်းရှင်တို့က  သူတို့ အကျိုးအမြတ်အတွက် ထည့်ကြတဲ့သဘောပါပဲ။ ကိုယ့်ထုတ်ကုန်ကို လူတွေ မသုံးချင် သုံးချင်အောင်  ဝန်ဆောင်မှုတခု ပေးတာပဲ မဟုတ်လား။ လမ်းဘေးဆိုင်တွေမှာ မြန်မာစာတွေ ဘာတွေ သွားထည့်ကြတာမျိုး လုပ်စေချင်မယ် မထင်ပါ။  
တခြားသူက  မြန်မာစာစနစ် ထည့်ကြတယ် ဆိုတော့ ကိုယ်လည်း လိုက်လုပ်တဲ့ သဘောလည်း ပါဝင်ပါတယ်။ ကိုယ့်မှာလည်း ဒါရှိပါတယ် ဆိုတာ ပရိသတ်ကို ပြချင်လို့၊ ပြိုင်ဘက်တွေကို အကျော မခံချင်လို့ပါပဲ။

ပထမတော့ ကွန်ပြူတာကီးဘုတ်တွေ
မှာ ကကြီး ခခွေးတွေကို ABCD တို့နဲ့ တွဲပြီး ထည့်လာတယ်၊
စက်ရုံက ထွက်ကတည်းက အဲဒီလို ထွက်လာတယ်၊ နောက်တော့  စမတ်ဖုန်းကီးဘုတ်တွေမှာ
ကကြီး ခခွေးတွေ ရိုက်လာနိုင်တယ်။ အခုတော့ မြန်မာစာစနစ် ဆိုတာကို ထည့်နေကြပါပြီ။
အိုင်တီလောကထဲက တယောက် မှတ်ချက်ပြုတာကတော့ .... ဒီစနစ် ထည့်လိုက်လို့ ဈေးကွက်မှာ ကိုယ်အနိုင်ရမယ်ဆိုတာမျိုးတော့ ဖြစ်လာမယ် မဟုတ်ပါဘူး တဲ့။

ဒီတော့ နိဂုံးချုပ် ပြောရရင် ... မြန်မာမှုပြုဖို့က လိုအပ်တယ်၊ သို့သော်လည်း အလောတကြီး လုပ်ဖို့ မလိုဘူး၊ အချိန်ယူပြီးလုပ်ကြ၊ အကြိမ်ကြိမ် ပြင်ဆင်ညှိနှိုင်းပြီး လုပ်ကြရမယ့် စီမံကိန်းဖြစ်တယ်လို့ ဆိုချင်ပါတယ်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger