Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သူမှ လက်မခံဟု KNU ပြောကြား

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သူမှ လက်မခံဟု KNU ပြောကြား

Written By kawknyaw on Wednesday, October 23, 2013 | 10/23/2013

 ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သူမျှ လက်မခံဟု အစိုးရဘက်မှ ပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ်ပေါ်လာပါက ရှေ့ဆုံးမှ လက်မှတ်ထိုးမည်ဟုဆိုသော ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။ နိုင်ငံအနှံ့အပြား ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ အောက်တိုဘာ ၂၀ ရက်က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟို (MPC) ၌ KNU ဘက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်အပြီး မီဒီယာများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် KNU ၏ သဘောထားကို မေးမြန်းရာတွင် ပဒိုမန်းငြိမ်းမောင်က ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။ ပဒိုမန်းငြိမ်းမောင်က "၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ခင်ဗျားတို့လည်း သိတာပဲ။ ဒါဟာ အင်မတန်မှ တင်းကျပ်တဲ့အောက်မှာ ရေးဆွဲခဲ့တာ။ အဲဒီတော့ အားနည်းချက်တွေ အများကြီး ရှိတာပေါ့။ ဘယ်သူမှတော့ လက်မခံဘူး။ တိုင်းရင်းသားတွေလည်း လက်မခံဘူး။ သမ္မတကြီးကိုယ်တိုင် ၂၀၀၈ ဖွဲ့စည်းပုံဟာ ချို့ယွင်းချက်၊ အားနည်းချက်တွေ ရှိပါတယ်။ ဒါပြန်လည်ပြီးတော့ ပြုပြင်ရေးဆွဲ ပါမယ်ဆိုတဲ့ နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်က ၀န်ခံပြီးတော့ ပြုပြင်ရေးဆွဲရမယ်လို့ သဘောထားရှိတော့ ဒီအပေါ်မှာ ပြုပြင်ရေးဆွဲ ရမယ်ဆိုရင် တိုင်းပြည်တစ်ပြည်လုံး၊ ပြည်သူတစ်ရပ်လုံးရဲ့ ဘ၀နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်ကို ရရှိမယ်လို့လည်း ကျွန်တော်တို့က ယုံကြည်ပါတယ်" ဟု ပြောကြားသည်။ အစိုးရဘက်မှ ပြုလုပ်ရန် စီစဉ်နေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာမည် ဆိုပါက KNU အနေဖြင့် ရှေ့ဆုံးမှ လက်မှတ်ရေးထိုးသွားမည် ဆိုခြင်းကိုလည်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင်ပင် ပဒိုမန်းငြိမ်းမောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ကြိုးပမ်းနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် KNU ၏ သဘောထားကို မေးမြန်းရာတွင် ပဒိုမန်းငြိမ်းမောင်က တိုင်းရင်းသားများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုသဘောထား ရှိသလဲဟု မေးခွန်းပြန်ထုတ်ခဲ့ပြီး ၎င်းတို့၏ သဘောထားမှာ အဆိုပါ သဘောထားအတိုင်းသာ ဖြစ်သည်ဟု ဖြေကြားသည်။ ကရင်အမျိုးသား အစည်းအရုံး (KNU) သည် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သုံးကြိမ်စီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားပြီးဖြစ်သည်။ EMG
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger