Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » အတ္တကျွန်း

အတ္တကျွန်း

Written By kawknyaw on Monday, January 2, 2012 | 1/02/2012

Sunday, 01 January 2012 Written by မောင်သာမည(မောက္ခပညာရေးမဂ္ဂဇင်း)


ငါသာလျှင် ငါ့ကံ၏အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်ပေသည်။ (ဟင်လေ၏ အနိုင်မခံကဗျာမှ)
ဘုရားမဲ့ဖြစ်တည်မှုဝါဒီဟု ကိုယ့်ကိုယ်ကိုယ် ကင်ပွန်းတပ် လေသော ပြင်သစ်ဒဿနပညာရှင် စာရေး ဆရာကြီး ယွန်းပေါဆာ့ထ် (Jean Paul Sartre) က လူတိုင်းလူတိုင်း မိမိကိုယ်ကိုဖန်တီးသည်ဟု
ယတိပြတ် ပြောကြားခဲ့သည်။ မိမိ၏လက်ရှိဘ၀ အတွက် မိမိသာလျှင် တစ်ဦးတည်းသော လက်သည် ဖြစ်သည်၊ မိမိသာလျှင် တစ်ခုတည်းသော အကြောင်းရင်း ဖြစ်သည်ဟု ဆိုပါသည်။
အမိအဖနှစ်ဦးတို့ ပေါင်းစည်းမှုကြောင့် လူဟူ၍ဖြစ်တည် လာပြီးသည်မှ စကာ သေဆုံးသည့်တိုင် အောင်သော ဘ၀ခရီးတစ်လျှောက် မိမိ၏တန်ဖိုး၊ မိမိ၏ဂုဏ်ဒြပ်၊ မိမိ၏ချမ်းသာဆင်းရဲ (ခြုံငုံ၍ ဆိုရ သော်) မိမိကိုယ်ကိုမိမိ မျက်ဝါးထင်ထင် တွေ့မြင်ရင်ဆိုင်နေရ သော မိမိဘ၀တစ်ခုလုံးကို အဘယ် ဘုရားသခင်၊ အဘယ်ပတ်ဝန်းကျင်၊ အဘယ်မမွေးမီ အတိတ်အကြောင်း များကမှ ပြဋ္ဌာန်းဖန်တီးပေး သည်မဟုတ်ဘဲ ယခုလက်ရှိ မိမိကိုယ်တိုင်ကသာ ရွေးချယ်ဆုံးဖြတ် လက်ခံ ဖန်တီးထားခြင်းဖြစ်သည် ဟု ဆိုလိုရင်း ဖြစ်သည်။
မြတ်ဗုဒ္ဓကတော့ "ပထမံ ကလလံဟောတိ" ပထမဦးဆုံး ကလလရေကြည် သည် စဖြစ်၏ဟု ပြောကြားခဲ့သည်။ ဖခင်၏သုတ်ပိုးနှင့် မိခင်၏မျိုးဥတို့ ပေါင်းစပ်ခြင်းကြောင့် လူ၏အစဖြစ်သော သန္ဓေသား ဖြစ်ထွန်းခဲ့သည်ဟု ဆိုလိုပါသည်။
လူ၏ဖြစ်တည်မှုအစနှင့် စပ်လျဉ်းသည့် ဗုဒ္ဓ၏ဟောကြားချက် သည် ခေတ်သစ်ဆေးသိပ္ပံဆိုင်ရာ တွေ့ရှိ ချက်တို့နှင့် လွဲချော်နေခြင်းမရှိဘဲ တစ်ထပ်တည်း ဖြစ်နေသည်။ သုတ်ပိုးနှင့်မျိုးဥ နှစ်ခုပေါင်း၍ ဖန်ပြွန်အတွင်း၌ သန္ဓေတည်စေနိုင်နေပြီ မဟုတ်ပါလော။
ထိုကဲ့သို့ လူဖြစ်လာပြီးသည့်နောက်၌ လူ၏တန်ဖိုး၊ လူ၏ ဂုဏ်ဒြပ်၊ လူ၏ချမ်းသာဆင်းရဲနှင့်တကွသော လူ၏ဘ၀နှင့်စပ်လျဉ်း၍ ဗုဒ္ဓသည် ဘာများ ဟောကြားသွားလေသနည်း။
ဗုဒ္ဓသည် လူ့တန်ဖိုးဆိုင်ရာ ဘ၀နိယာမတစ်ခုကို ထုတ်ဖော် ဟောကြားခဲ့သည်။ ယင်းနိယာမမှာ ကမ္မနိယာမဖြစ်ပါသည်။ ကံနှင့် ကံအကျိုးတရားတို့ ကာလအခြားမရှိဘဲ တစ်ဆက်တည်း တစ်စပ်တည်း ဖြစ်ပွားနေသည့် နိယာမဓမ္မတာတစ်ခုကို မှတ်တမ်းတင်လူ့သမိုင်းတွင် ဗုဒ္ဓက စဦးဆုံးဟောကြား ခဲ့ခြင်း ဖြစ်သည်။
ဗုဒ္ဓဓမ္မကို အချို့က အနတ္တ၀ါဒဟုလည်းကောင်း၊ ဒုက္ခ၀ါဒဟုလည်းကောင်း၊ ၀ိဘဇ္ဇ၀ါဒဟု လည်းကောင်း အမည်ပေးထားတတ်ကြပါသည်။ ထို့ထက် ကမ္မ၀ါဒဟု အမည်ပေးခြင်းက ပို၍သင့်လျော်မည် ထင်ပါ သည်။
ဤနေရာတွင် ဗုဒ္ဓ၏ကမ္မ၀ါဒနှင့် နိကန္တနာဋပုတ္တ၏ ကမ္မ၀ါဒတို့ ရောထွေးနိုင်စရာရှိ၍ အတန်ငယ် ရှင်းပြ ချင်ပါသေးသည်။
နိကန္တတို့၏ကမ္မ၀ါဒမှာ ကမ္မ၀ါဒဟူသောအမည်ကိုပင် ရနိုင် ခွင့်မရှိပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့ ပြောဟောသည့် ကံနှင့် ကံ၏ အကျိုးတရားတို့မှာ ကာလအသင်္ချေ ခြားနေသောကြောင့် ဖြစ်သည်။ လူဟူ၍မမွေးဖွားလာမီ အသင်္ချေကာလက ပြုခဲ့သည်ဆိုသောကံသည် ယခုအခါကျမှလာ၍ အကျိုး ပေးချင်ပေးနေတတ်၏ဟု လည်းကောင်း၊ ယခုပြုသောကံသည်လည်း နောင် လူအဖြစ် သေဆုံးသွားပြီး အသင်္ချေ ကာလတွင်မှ အကျိုးပေးချင်ပေးမည်ဟုလည်းကောင်း ခံယူသော အယူအဆတစ်ခု ဖြစ်ပါ သည်။
ဗုဒ္ဓဟောကြားသည့် ကမ္မ၀ါဒမှာကား ထိုသို့မဟုတ်ပါ။ လာ လှည့် ရှုလှည့်(ဧဟိပဿိက)ဟု ရဲရဲ တင်းတင်း ကြီး ဖိတ်ခေါ်ပြီးလျှင် မျက်ဝါးထင်ထင် လူတိုင်းသိမြင်အောင် ပြောပြနိုင်သည့်နိယာမ ဖြစ်ပါသည်။
ဗုဒ္ဓ၏ကမ္မ၀ါဒမှာ လူသားတိုင်း အညီအမျှ ဧကန်ဧက သိမြင် နားလည်နိုင်သည့် ဒဿနတရားဖြစ်၍ နိကန္တတို့၏ ကမ္မ၀ါဒမှာ မျက်မှန်း ရမ်းဆချက်များဖြင့်သာ လက်ခံနိုင်သော ယုံကြည်မှုတရား ဖြစ်သည်။
ကံဟူသောစကားဖြင့် ဗုဒ္ဓသည် ဘာကိုဆိုလိုပါသနည်း။
ကံဟူသောစကားကို အချို့က အလုပ်ဟု အပေါ်ယံရှပ်၍ ဖွင့်ဆိုတတ်ကြသည်။ စင်စစ် ဗုဒ္ဓ ဟောကြား သည့် ကံဆိုသည်မှာ အလုပ်သက်သက်မျှ မဟုတ်ပါ။ "လူသားတစ်ဦးအပေါ်တစ်ဦး ရည် ရွယ်ချက် စေတနာဖြင့်ပြုလုပ်သော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု"တို့ကိုသာ ကံဟုဆိုရမည် ဖြစ်သည်။ ရည်ရွယ်ချက် စေတနာမပါဘဲပြုသော အမှုများကို ကြိယာများဟုသာ ခေါ်ဆိုရပါမည်။
ယင်းကဲ့သို့ ရည်ရွယ်ချက်စေတနာဖြင့် ပြုလုပ်သောအလုပ် များသည်(သို့မဟုတ်) ကံများသည် ပြုပြီးသည်နှင့်တစ်ပြိုင်နက် ဆိုင်ရာ အကျိုးတရားများကို မဆိုင်းမတွ ဖြစ်ပွားစေသည်ဟု ဗုဒ္ဓက ဟောကြား ခဲ့သည်။ ယင်းအကျိုးတရားများမှာ တန်ဖိုးပိုင်းဆိုင်ရာဘ၀များ ဖြစ် သည်။ ထို့ကြောင့် လူတစ်ယောက်၏ လက်ရှိ တန်ဖိုးပိုင်းဆိုင်ရာဘ၀ များကို ယခုလက်ရှိ မိမိကိုယ်တိုင်ပင် ပြဋ္ဌာန်း ဖန်တီးနေသည်ဟု ဗုဒ္ဓက ဆိုပါသည်။
လူတစ်ယောက်က အခြားလူတစ်ယောက်အပေါ်တွင် မေတ္တာထားသည်ဆိုပါစို့။ ယင်းကဲ့သို့ ချစ်ချစ်ခင်ခင် ပေါင်းသင်းဆက်ဆံကာ မေတ္တာထားခြင်းကြောင့် ရရှိသောအကျိုးတရားမှာ မေတ္တာရှင် ဘ၀သို့ ချက်ချင်းရောက်ရှိသွားခြင်း ဖြစ်သည်။ သူတစ်ပါးတို့အား ပေးကမ်းထောက်ပံ့ခြင်း ဒါနမှုကို ပြုသည်ဆိုလျှင်လည်း ယင်းဒါနကံ၏ အကျိုးတရားမှာ ထိုသူ ဒါနရှင်ဘ၀သို့ ချက်ချင်းရောက်ရှိသွားခြင်း ဖြစ်သည်။
လူ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာဘ၀များ၊ လူ၏ ကိုယ်ကျင့် တရားဆိုင်ရာဘ၀များ၊ လူ၏ တန်ဖိုးပိုင်း ဆိုင်ရာဘ၀များသည် ဤသို့လျှင် ဖြစ်ပွားနေပါသည်။ လူကောင်းဘ၀၊ လူဆိုးဘ၀၊ လူမိုက်ဘ၀၊ လူလိမ္မာဘ၀ စသည်ဖြင့် အကြမ်းဖျဉ်း တွေးဆ ဆင်ခြင်ကြည့်မည်ဆိုလျှင်ပင် ကံနှင့် ကံ၏အကျိုး ဘ၀ကို ခဏမဆိုင်းပဲ ဆက်စပ်နေပုံမှာ ထင်ရှားပါလိမ့်မည်။
လူတစ်ယောက်သည် အခြားလူတစ်ယောက်၏ ပစ္စည်းဥစ္စာတို့ကို ခိုးယူသည်ဆိုပါစို့။ ခိုးပြီးသည်နှင့် တစ်ပြိုင်နက် သူ၏မူလဘ၀သည် ပြောင်းလဲသွားလေတော့သည်။ မခိုးခင်က သူ၏ လူကောင်းဘ၀ သည် နိဋ္ဌိတံသွားပြီး သူခိုးဘ၀သို့ ချက်ချင်းပင် ရောက် ရှိသွားလေတော့သည်။ သူ၏ခိုးယူခြင်းကို မည်သူတစ်ဦးတစ်ယောက် ကမှ မသိရှိဘဲဖြစ်နေစေကာမူ သူသည် သူခိုးဘ၀သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ တန်ဖိုးနိမ့်ကျသော၊ ဂုဏ်ဒြပ်ဆုတ်ယုတ်သောဘ၀သို့ ချက်ချင်းလက်ငင်း ရောက်ရှိသွား ပါသည်။ နေ့ရက်ဆိုင်း၍မရပါ။ အချိန်ဆွဲထား၍မရပါ။ ဤသို့လျှင် ကံနှင့်ဘ၀သည် အကြားအလပ်မရှိ ဆက်စပ်နေပါသည်။
ထို့ကြောင့် လူသား၏ဘ၀ကို ယခုလက်ရှိ မိမိတို့ပြုသော ကံများက စီမံပြဋ္ဌာန်းနေကြောင်းမှာ အလွန်ပင် သိသာထင်ရှားလှသည်။
သူခိုးဘ၀ ရောက်ရှိနေသည်မှာလည်း ယခု မိမိတို့ပြုသော ကံများ ကြောင့် ပင် ဖြစ်သည်။ လူလိမ်ဘ၀ ရောက်ရှိသွားသည်မှာ လည်း ယခုမိမိပြုသော ကံများကြောင့်ပင် ဖြစ်သည်။ သူတော် ကောင်းဘ၀ သို့ ရောက်ရှိနေသည်မှာလည်း ယခု မိမိတို့ပြုသော ကံများကြောင့်ပင် ဖြစ်သည်။ ကာမဂုဏ်ကျူး သည့် ရာဂရူးဘ၀သို့ ရောက်ရှိနေသည်မှာလည်း ယခု မိမိတို့ပြုသော ကံများကြောင့်ပင် ဖြစ်သည်။
မိမိတို့၏တန်ဖိုးများ၊ မိမိတို့၏ဂုဏ်ဒြပ်သိက္ခာများ၊ မိမိတို့၏ ချမ်းသာဆင်းရဲများကို လူဟူ၍ ဖြစ်လာပြီး သည့်နောက်ပိုင်း မိမိတို့ ကိုယ်တိုင် စီမံဖန်တီးနေသည်ဟု ကမ္မနိယာမက ပြသနေသည်။
ဤအချက်ကို အချို့က လက်သင့်မခံ ငြင်းဆန်ကြသည်။ ပတ်ဝန်းကျင် ကြောင့်လည်းကောင်း၊ တန်ခိုးရှင် ဖန်တီးရှင်ကြောင့်ဟုလည်းကောင်း စသည်ဖြင့် အကြောင်းပြပြီး မိမိကိုယ်ကို ကင်းလွတ်ခွင့် ပေးတတ်ကြ ပါသည်။ ယင်းကို ယွန်းပေါဆာ့ထ်က မရိုးသားမှု( Bad Faith) ဟုဆို၍ ဗုဒ္ဓက မှားယွင်း သော အမြင်( မိစ္ဆာဒိဋ္ဌိ )ဟု ဆိုပါသည်။
လက်ရှိဘ၀ကို မိမိ လက်မခံဟုဆိုလျှင် ငြင်းဆန်ပိုင်ခွင့် အပြည့် ရှိနေသည်။ နောက်ဆုံး ကိုယ့်ကိုယ် ကိုယ် သတ်သေခြင်းဖြင့် ပင် ရှောင်ရှားနိုင်ပါသည်ဟု ယန်းပေါဆတ်က ပြောပါသည်။ လူသား သည် အကြွင်းမဲ့လွတ်လပ်၏ဟု သူက ဆိုသည်။
ဗုဒ္ဓကမူ အ၀ိဇ္ဇာမှ စခဲ့သော ဘ၀ဖြစ်စဉ်ကို ကြောင်းကျိုးဆက်တရား(ပဋိစ္စသမုပ္ပာဒ်)ဖြင့် အသေးစိတ် ဟောပြောခဲ့ပါသည်။
ခိုးခြင်းကို အကောင်းဟုထင်သော အ၀ိဇ္ဇာကြောင့် ခိုးမှု တည်းဟူသော ကံကိုပြုရာမှ သူခိုးဘ၀တည်း ဟူသော ၀ိညာဏ်နာမ်ရုပ် အစရှိသည် ဖြစ်ပွားလာပုံ၊ ထို့ကြောင့် သူခိုးဘ၀အပေါ် တပ်မက်မှု တဏှာ ဥပါဒါန်တို့ဖြစ်ပြီး တစ်ဖန်ပြန်ခိုးကာ သူခိုးဘ၀ သံသရာလည်ပုံတို့ကို ဟောကြားခဲ့ပါသည်။
လူသား၏ တန်ဖိုးပိုင်းဆိုင်ရာဘ၀တို့ကို ဤ ကြောင်းကျိုးဆက်တရားဖြင့် ဖြန့်ကျက်ကြည့်လျှင် ကမ္မနိယာမ၏ တစ် ထစ်ချမှန်ကန်ပုံတို့ကို မြင်ရမည် ဖြစ်ပါသည်။
မိမိ ဘယ်ဘ၀သို့ရောက်နေသနည်း။ လူလိမ် လူညစ်ဘ၀၌ လော။ လူကောင်းလူမွန်ဘ၀၌လော။ လူဆိုးသူခိုးဘ၀၌လော။ သူ တော်ကောင်း သူတော်စင်ဘ၀၌လော။ မုဒိမ်းတန္တဘ၀၌လော။
ယင်း ဘ၀များ၏အကြောင်းကို ရှာလိုက်လျှင် မိမိပင် အဓိကဇာတ်လိုက် ဖြစ်နေသည်ကို တွေ့ရပေ လိမ့်မည်။ ထို့ပြင် မိမိသည် ယခုလက်ရှိဘ၀မှ ဘယ်ဘ၀သို့ ရောက်ချင်သေးသနည်း။ လောက အကျိုးကိုသည်ပိုးမည့် ပရဟိတ၀ါဒီသမားသို့လော။ ငြိမ်းချမ်းရေးပန်းပွင့်တို့ကို ဝေငှမည့် မေတ္တာရှင် ဘ၀သို့လော။ မတရားမှုတို့ကို တစ်စမကျန် သုတ်သင် ဖယ် ရှားမည့် ဓမ္မဘက်တော်သားဘ၀သို့လော။ အဘယ်ဘ၀သို့ ရောက်လိုသည်ဖြစ်စေ မိမိကိုယ်တိုင်ပင် ဖန်တီးရောက်ရှိစေရမည် ဖြစ်သည်။
ကောင်းမွန်သောကံတို့ကို ယခုလုပ်လျှင် လူကောင်းဘ၀သို့ ယခုပင်ရောက်မည်ဖြစ်ပြီး ဆိုးရွားသောကံ တို့ကို ယခုလုပ်လျှင် လူဆိုး ဘ၀သို့ ယခုပင်ရောက်မည် ဖြစ်သည်။ ဆန်နှင့်ထမင်းသည် တစ် ဆက် တည်း ဖြစ်နေဘိသကဲ့သို့ မျှစ်နှင့်ဝါးသည် တစ်စပ်တည်း ဖြစ်နေဘိသကဲ့သို့ ကံနှင့် ဘ၀သည်လည်း တစ်ဆက်တည်း တစ်စပ် တည်း ဖြစ်နေပါသည်။
လူသားတိုင်း လူသားတိုင်း လက်ရှိဘ၀တို့ကို လူဖြစ်လာ ပြီးသည့်နောက်ပိုင်း၌ မိမိတို့ကိုယ်တိုင်ပင် စီမံဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိဘ၀ကို ဆိုးရွားနိမ့်ကျသည်ဟုထင်၍ လွတ်မြောက်ချင်လျှင်လည်း မိမိတို့ပင် ပြုပြင်ဖန်တီးရမည် ဖြစ်ပါသည်။
မိမိတို့အတွက် ဘယ်သူကမှ ဖန်တီးပေးမည်မဟုတ်ပါ။ ဘယ်သူကမှ ကယ်တင်မည် မဟုတ်ပါ။ မိမိတို့၌ အခွင့်အရေးတစ်ခုတည်းသာ ရှိပါသည်။ ယင်း အခွင့်အရေးမှာ မိမိတို့ကြိုက်ရာဘ၀ကို မိမိတို့ကိုယ်တိုင် ရွေးချယ် ဖန်တီးနိုင်ခွင့်သာ ဖြစ်သည်။
မိမိတို့ဖြစ်ချင်သော အလိုရှိရာ ဘ၀ရုပ်ပုံ လွှာကို မိမိတို့စိတ်ကြိုက် ရွေးချယ်ပုံဖော်နိုင်မည့် အဘယ် အစွန်း အထင်းမှ မထင်သေးသော အဖြူဆွတ်ဆွတ် အနာဂတ်တစ်ခုသည် လူသားတိုင်းကို စောင့်ကြို နေသည်ဟု ယွန်းပေါဆာ့ထ်က ပြောပါသည်။
မြတ်ဗုဒ္ဓကမူ ဆင်းရဲဟူသမျှ ကုန်ဆုံးသည့်အဖြစ်သို့ ရောက်ရှိရေး အတွက် မိမိသည်သာ မိမိ၏ ဆောက်တည်ရာကျွန်း(အတ္တဒီပ) ဖြစ်သည်ဟု တစ်ခွန်းတည်းသောစကားကို ဆိုခဲ့ပါသည်။
မောင်သာမည
(အတွေးအမြင်စာစဉ်တွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါးဖြစ်ပါသည်။)
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger