Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » လေပတ်ကား ကမ်းလှမ်းဆွေးနွေးမှု သတိပြု

လေပတ်ကား ကမ်းလှမ်းဆွေးနွေးမှု သတိပြု

Written By kawknyaw on Sunday, January 29, 2012 | 1/29/2012

မောင်ကျောင်း။ ဇန်န၀ါရီ ၃၀၊ ၂၀၁၂ (မိုးမခ သတင်းဌာန)


လွှတ်တော်အစည်းအဝေးများသို့ ပေးပို့တဲ့ “သမ္မတသဝဏ်လွှာ” ကိုဖတ်ကြည့်တော့ အချက်အမှတ် (၅) နဲ့ (၆) ကိုသတိပြုမိ ပါတယ်။ အချက်အမှတ် (၅) နဲ့ပတ်သက်ပြီး ပထမဆုံးပြောကြတာပေါ့။
သဘောကတော့ ယနေ့အထိငြိမ်းချမ်းရေးရယူနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့လုံးနဲ့ ထိတွေ့ ဆွေးနွေး ညှိနှိုင်း ပြီး အဖွဲ့ (၆) ဖွဲ့နဲ့ 
အခြေခံသဘောတူညီချက်များကို လက်မှတ်ရေးထိုးဆောင်ရွက် နိုင်ခဲ့ပြီး၊ ကျန်အဖွဲ့ (၅) ဖွဲ့နဲ့  ထိတွေ့ ညှိနှိုင်းဆွေးနွေးနေတယ်ဆိုတာပါပဲ။
            အခြေခံသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ (၆) ဖွဲ့က –
၁။ “ဝ” အထူးဒေသ (၂)
၂။ အထူးဒေသ(၄) မိုင်းလား
၃။ DKBA စောလားပွယ်အဖွဲ့
၎။ RCSS/SSA ယွက်ဆစ်အဖွဲ့
၅။ ချင်းအမျိုးသားတပ်ဦး (CNF)
၆။ ကရင်အမျိုးသားအစည်းအရုံး (KNU) — တို့ဖြစ်ပါတယ်။
ကျန်အဖွဲ့ (၅) ဖွဲ့ဆိုတာ ဘယ်အဖွဲ့တွေကို ပြောနေတာလဲတော့မသိပါဘူး။ လေ့လာလို့ရတဲ့ အဖွဲ့ (၄) ဖွဲ့ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁။ KIO/KIA
၂။ မွန်ပြည်သစ်ပါတီ (NMSP)
၃။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)
၎။ SSA/SSPP ရှမ်းပြည်တိုးတက်ရေးပါတီ — တို့ဖြစ်ပါတယ်။

“ယခင်ကနှင့်မတူသည့်မူများ”ကို ကျင့်သုံးနေတယ်လို့ သမ္မတသဝဏ်လွှာမှာပါရှိပါတယ်။ ယခင်ကနဲ့ဘယ်လိုမတူညီတာလဲ။ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ထောက်လှမ်းရေးကလုပ်ခဲ့တဲ့ “နယ်စပ်ဒေသဖွံ့ဖြိုးရေးပေါ်လစီ” နဲ့မတူဘူးလို့ပြောချင်တာလား။ ဒါမှမဟုတ် နယ်မြေ တစ်လက်မ၊ ကျည်ဆံတစ်တောင့်မှအပ်စရာမလိုဘူးဆိုတဲ့ပေါ်လစီမဟုတ်တော့ဘူးလို့ပြောလိုက်တာလား။
 ဒါမှမဟုတ် နယ်ခြား စောင့်တပ်(BGF) ဖွဲ့စည်းရေး၊ ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းရေးပေါ်လစီ မဟုတ်တော့ဘူးလို့ ပြောချင် တာလား။ ဒါမှမဟုတ် အားလုံးလက်နက်အရင်ချပြီးမှ တရားဥပဒေဘောင်ထဲ (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲ) ဝင်ခွင့်ပြု တော့ မယ်လို့ ပြောချင်တာလား။
ဒီမေးခွန်းတွေကိုတော့ ပထမဦးစွာ လွှတ်တော် ၂ ရပ်ကိုတက်နေကြတဲ့ လွှတ်တော်အမတ်မင်းများက ပြည်ထောင်စုအစိုးရကို မေးရမယ့်/မေးသင့်တဲ့မေးခွန်းတွေပဲဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေက ၄င်းတို့ ကိုယ်စားပြုရာ တိုင်းရင်းသားပြည်သူတွေနဲ့တိုင်းပြည်ကို အသိပေးအစီအရင်ခံဖို့သာဖြစ်တယ်လို့ယူဆပါတယ်။

အချက်အမှတ် (၆) ကိုကြည့်ကြပါစို့။
ဒီအချက်ရဲ့ရည်ရွယ်ချက်ကို အခုလိုဖေါ်ပြထားတဲ့ “အကြောင်းအမျိုးမျိုးဖြင့် ပြည်ပရောက်နေကြသောနိုင်ငံသားများကိုလည်း နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်ပါဝင်နိုင်အောင်လက်ကမ်းဖိတ်ခေါ်ခဲ့ပါသည်” တဲ့။ ဒီတော့ အချက်အမှတ် (၅) မှာဖေါ်ပြ ခဲ့တဲ့ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့”တွေနဲ့ မသက်ဆိုင်ဘူးဆိုတာထင်ရှားပါတယ်။
 ဘယ်သူတွေဖြစ်တယ်၊ဘယ်အဖွဲ့အစည်းတွေပါဝင်တယ်ဆိုတဲ့အချက်ကိုတော့ဖေါ်ပြထားခြင်းမရှိပါဘူး။ဒါပေမယ့်အခုလိုတော့ ဖေါ်ပြထားပါတယ်။
“အမျိုးသားစည်းလုံးညီညွတ်ရေးဖောင်ဆောင်နိုင်ရန် အမြင်သဘောထားမတူသည်များကို ထားပြီး အမြင်သဘောထားတူညီ သည်များကို ပြည်သူများအကျိုး အတွက်ပူးပေါင်းဆောင်ရွက်ရေးမူဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်” တဲ့။
“အမြင်သဘောထားမတူသည်များကိုထားပြီး”ဆိုတာမှာ အမြင်သဘောထားမတူသည်များက “နိုင်ငံရေးပြဿနာတွေ” ဖြစ် နေတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။
“အမြင်သဘောထားမတူသည်များ” ထဲက အခြေခံကျပြီး ထင်သာမြင်သာရှိတဲ့ အချက် ၂ ချက်ကိုသာဖေါ်ထုတ်ပြသရမည် ဆို လျှင်
-       ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်မခံနိုင်တဲ့ သဘောထားအမြင်
-       ပြည်ထောင်စုစစ်စစ်ဖွဲ့စည်းရေး သဘောထားအမြင်

တစ်ချိန်ကဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ “နယ်စပ်ဒေသဖွံ့ဖြိုးရေး/အပစ်ခပ်ရပ်စဲရေးပေါ်လစီ” ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မျက်နှာမူလိုက်တဲ့အခါမှာ တိုင်းရင်းသားအဖွဲ့အစည်းများရဲ့ သက်တော်ရှည်တပ်ပေါင်းစု(NDF) တစ်စစီဖြစ်သွားပါတယ်။
“ယခင်ကနှင့်မတူသည့်မူများ” ကို ကျင့်သုံးနေတယ်ဆိုတဲ့ သမ္မတကြီးဦးသိန်းစိန်ရဲ့ “ထာဝရငြိမ်းချမ်းရေး” ပေါ်လစီအောက်မှာ တိုင်းရင်းသားအင်အားစုများရဲက ဆုံချက် (UNFC)ရဲ့အဖြစ်ဟာလည်း  နောင်တော်(NDF) သွားရာလမ်းသို့ လိုက်ရတော့မယ့် ကိန်းဆိုက် နေပြီး၊ “မျက်ခုံးလှုပ်”နေပါတယ်။
(UNFC) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း ၂ ၊ အခြေခံရမည့်မူများ၊ ပုဒ်မ (၆) ခုခံတော်လှန်ရေးမူ (Resistance Movement Concept ) များထဲက အချက် (ဂ)၊ (ဃ) တို့ဟာ နေ့လား/ညလား အသည်းအသန်ဖြစ်နေပါတယ်။
“ခိုင်မာကျယ်ပြန့်သောတပ်ပေါင်းစု” ဆိုတဲ့ စကားကလည်း လေထဲမှာလာပြီး လေထဲမှာပဲ ပျံဝဲပျောက်ကွယ်သွားပြီဖြစ်ပါတယ်။
(DAB)နဲ့(NCUB) တပ်ပေါင်းစုညီနောင်ကတော့ (ICU) ထဲမှာ စကားမေးမရတော့ပါဘူး။ အသက်ရှူစက်၊ နှလုံးခုန်စက်တို့ တပ် ထားရပြီး ဆွေမျိုးတွေအလာစောင့်နေပါတယ်။
လူငယ်ခြေတက် (FDB) ကလည်း လတ်တလောဖြစ်ခဲ့တဲ့ “မီးရထားအက်ဆီးဒင့်”ကြောင့် (COMA)“ကိုမာ”ဝင်သွားပြီး စကားမေး မရဖြစ်နေပါတယ်။
အခုလိုနိဂုံးချုပ်လိုက်ပါတယ်။
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မြန်မာ့အလင်းသတင်းစာထဲမှာ သတိပေးနှိုးဆော်ချက်တစ်ခုပါရှိလာပါတယ်။
ရွှေရောင်းဝယ်ခြင်း၊ ပဲအမျိုးမျိုး၊ ပြောင်း၊ စပါး၊ ဆန်၊ ဆားအစရှိတဲ့ရောင်းဝယ်မှုလုပ်ငန်းများတွင် ငွေ၊ ပစ္စည်းတို့ကို လက်ငင်း ပေးချေခြင်းမပြုဘဲ “လေပတ်ကား” ရောင်းဝယ်နေတာတွေ ကြားသိနေရလို့ ယင်းကဲ့သို့ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
ကျနော့်အနေနဲ့လည်းတိုင်းရင်းသားအင်အားစုများ၊ပြည်ပရောက်ဒီမိုကရေစီအင်အားစုများအနေဖြင့်သမ္မတကြီးဦးသိန်းအစိုးရနဲ့  နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးအဖြေရှာကြတဲ့နေရာမှာ (ပွဲစား/လက်ခွဲများကတဆင့်)တန်းတူရည်တူမရှိတဲ့၊ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းလိုတဲ့  “လေပတ်ကားကမ်းလှမ်းမှု/ဆွေးနွေးမှုများ”ကို သတိရှိကြပါရန် မေတ္တာရှေ့ထားပြီး တိုက်တွန်းနှိုး ဆော်လိုက်ရပါတယ်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger