Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁၃)

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁၃)

Written By kawknyaw on Monday, January 30, 2012 | 1/30/2012

တရွာလုံးကို လိုက်ပြောမယ်
မိုးလင်းတော့ အေးရှင် အဖိုးအိမ်ကို ရောက်ချလာတာပဲ။
“ဟေ့ ကျော်သောင်း။ တင်တင်က နင့်ကို ပြောခိုင်းလိုက်တယ်။ နင့်ကို သူ မကြိုက်တော့ဘူး တဲ့”
အဖိုးက သိတယ်။ “အေး အေး သူ မကြိုက်ရင် နေပါစေ။ နင် မတင်တင်ကို ပြန်ပြောလိုက်။ သူ ငါ့ကို မကြိုက်ရင် သူ့ပါးကို ငါနမ်းတာကို တရွာလုံး ငါလိုက်ပြောမယ်” လို့။
အေးရှင်ကလည်း ပြန်ပြောတာပေါ့။

ဒီတော့မှ မတင်တင်က “အဲဒီလိုတော့ မပြောပါနဲ့ဟာ။ သူ့ကို ငါ ကြိုက်ပါတယ်။ အဲဒီလို အဖိုးတို့ ကြိုက်သွားကြတာ။
ကြိုက်သွားကြတော့ မတင်တင်အိမ် အဖိုး သွားသွားလည်တာပေါ့။ သူတို့အိမ်က အဖိုးကို သဘောတော့ကျတယ်။ အဖိုး က မဟုတ်ရင်သာ မခံတာ။ စိတ်ရင်းက ကောင်းတာကိုး။ သူ့ အဖေ အမေ၊ အဖိုး အဖွားတွေက အဖိုးကို ချစ်ကြတယ်။ မတင်တင်ကတော့ သိပ်သဘောမကျဘူးပေါ့။ အဖိုးက အရက်သောက်တယ်။ သူများတွေကို ရိုက်တယ်။ ဒါကို သူက သဘောမကျတာ။
မတင်တင်အိမ် အဖိုးသွားလည်ရင် သူ့အိမ်က ခွေးက သိပ်ဆိုးတာ။ အဖိုးလာရင် ထိုး ဟောင်တော့တာပဲ။ အဖိုးကလည်း မိန်းမ နောက်ပိုးတာဆိုတော့ ညဘက်တွေမှာ လည်တာ များတာပေါ့။
ဒါဆိုရင် ခွေးက ဟောင်ပြီ။ နောက်တော့ အဖိုး အကြံထုတ်ရတယ်။ ဒီခွေးကို ဘယ်လိုပေါင်းရမလဲပေါ့။ နောက်တော့ ထန်းလျက်ခဲတို့။ ထမင်းကြမ်းခဲတို့ အဖိုး ယူယူသွားတာပေါ့။ အဖိုးကိုတွေ့လို့ ထိုးဟောင်တာနဲ့ ထန်းလျက်ခဲလေး ပစ် ကျွေးလိုက်၊ ထမင်းခဲ ပစ်ကျွေးလိုက် ဒီလိုလုပ်တော့ နောက် အဖိုးလာရင် ခွေးက ဘယ်ဟောင်တော့မလဲ။ အဖိုးကို မြင် တာနဲ့ အမြီးလေးတနှံ့နှံ့နဲ့။ မတင်တင်က အဖိုးကို ပြောတယ်။
“နင်က တော်တော်ဉာဏ်များတယ်” တဲ့။
ကူပါ ကယ်ပါ
နောက်တော့ အဖိုးက မတင်တင်ကို ယူမယ်ပေါ့။ မတင်တင်က ပြောတယ်။
“ငါ့ကို ယူရင် လူကြီးတွေကို လာပြော” တဲ့။
အဖိုးက သူငယ်ချင်းတယောက်နဲ့ တိုင်ပင်တာပေါ့။
“ငါ မတင်တင်ကို ယူချင်တယ်ကွ။ အဲဒါ သူ့အိမ်ကို မင်း သွားပြောပေးပါလား”
“ဟာကွာ မင်းကလည်းကွာ မတင်တင်ကိုယူမှာ မင်းပဲ။ မင်းကိုယ်တိုင် သွားပြောပေါ့”
“ဟာ ငါ မပြောရဲဘူးကွ။ ဒါကြောင့် မင်းကို သွားပြောခိုင်းတာ”
“မင်းက တောင်းတော့ တောင်းကြိုက်ပြီး ဒါကျတော့ မပြောရဲဘူးလား”
“မပြောရဲလို့ ပြောခိုင်းတာပေါ့ကွာ။ တောင်းကြိုက်တာက သူနဲ့ ငါနဲ့ နှစ်ယောက်ထဲ၊ အခုဟာက သူ့မိဘတွေ၊အမျိုးတွေကို အသိပေးရမှာ”
သူကလည်း သိပ်မသွားရဲဘူး။ အဖိုးက သူ့ကို မရမက အတင်းခိုင်းတာပဲ။ အဖိုးက သူ့ကို အရက်နှစ်ခွက်လောက် တိုက် လိုက်တယ်။ သူ နည်းနည်းရဲသွားတယ်။ တွန့်ဆုတ်တွန့်ဆုတ်နဲ့ သူ သွားတာပဲ။ ခဏကြာတော့ ဒီကောင် ပြန်လာတာပဲ။ ပြုံးပြုံး ပြုံးပြုံးနဲ့။
သူ့မျက်နှာကြည့်ပြီး အဖိုးက သိလိုက်ပြီ။
“ဘယ်လိုလဲ ဟေ့ကောင် အဆင်ပြေလား”
“အဆင်ပြေတယ်။ ငါ့ကို သူ့မိဘတွေက ဘယ်လိုပြောလဲ မင်း သိလား”
“ဘယ်လိုပြောလဲ ဟေ့ကောင်”
“သူ့အဖွားကို သွားမေးလို့ ပြောတယ်”
အဲဒါနဲ့ မတင်တင်အဖွားကို သွားမေးရပြန်တာပေါ့။ သူငယ်ချင်းကိုပဲ အဖိုး သွားမေးခိုင်းတယ်။ ဒီကောင့်ကို အဖိုး အရက် နှစ်ခွက် ထပ်တိုက်လိုက်တယ်။ သူ သွားမေးတာပဲ။
ဟိုမှာတော့ သူတို့နှစ်ယောက်ကတော့ ကြိုက်နေကြပြီး။ သူ့ အဖေအမေကို သွားမေးတော့ အဖွားကို သွားမေးလို့ ပြော တယ်။ အဖွားက ဘယ်လိုသဘောရလဲပေါ့။
မတင်တင် အဖွားကလည်း သူတို့ လူငယ်အချင်းချင်းပဲ ကြိုက်ကြရင်ယူကြပါစေလို့ ပြန်ပြောတယ်တဲ့။ ဒီလိုနဲ့ အဆင်ပြေ သွားတယ်။ သူ့အမေတွေ အစ်မတွေက ဘာမှမပြောဘူး။ သူ့အဖေက အဖိုးကို သိပ်ချစ်တာ။ဒီလိုနဲ့ပဲ အဖိုးတို့ အိမ်ထောင် ကျတာ ဘယ်သူမှ မသိဘူး။
ရွာက ကာလသားတွေက မင်္ဂလာဆောင်တွေ၊ ရှင်ပြုတွေဆို ပိုက်ဆံတွေ သိပ်တောင်းတယ်။ အရက်တွေ ဘာတွေ တောင်းသောက်ကြတယ်။ အဖိုးကိုတော့ ဘယ်တောင်းသောက်ရဲမလဲ။ အဖိုးက ဆိုးတာကိုး။ သူတို့ အဖိုးကို ကြောက် တယ်။
ဆက်လက်ဖော်ပြပါမယ် …
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger