Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » မဲဆောက်အတွက် အဖွဲ့တဖွဲ့

မဲဆောက်အတွက် အဖွဲ့တဖွဲ့

Written By kawknyaw on Tuesday, January 24, 2012 | 1/24/2012

Tuesday, January 24, 2012  Sithu Linn  (ဧရာဝတီ ဘလော့ဂ်)


ထိုင်းနိုင်ငံရောက် မြန်မာလူမျိုး အလုပ်သမားတို့ဘဝ

ကျော်ဇင်မင်း မဲဆောက်ညဈေး

(ဓာတ်ပုံ-ဧရာဝတီ)
ကျွန်တော်တို့ နိုင်ငံမှာ ဘာအလုပ်မှ မလုပ်နိုင် အလုပ်အကိုင် အခွင့်အလမ်းကလည်း အရမ်းကိုနည်းလာတော့ ပြည်ပ နိုင်ငံတွေကိုထွက်ပြီး အလုပ်လုပ်ကြရပါတယ်။

ဒီလိုပြောတော့ ပြည်ပနိုင်ငံ ဆိုလို့အထင်မကြီးလိုက်ပါနဲ့ ကျွန်တော်တင်ပြမယ် နိုင်ငံက ထိုင်းပါ။ ကျွန်တော်တို့က ဈေးကြီးပေးရတဲ့ ဂျပန် လို့ ဘယ်သွားနိုင်ကြမလည်း ဒီတော့ နယ်စပ်ကို ဖြတ်ပြီး ထိုင်းကိုဝင်ရတယ်လေ တာချီလိပ်၊ မဲဆောက်၊ ဘုရားသုံးဆူ ဆိုတဲ့နေရာတွေကနေ ၀င်ကြ အလုပ် လုပ်ကြတာပေါ့။ ဒီလို့တရားမ၀င်လာတော့ ထိုင်းရဲက လူဝင်မှု့ ဥပဒေအရ ခပ်ကြမ်းကြမ်းလေး ဖမ်းပါတယ် ဒါပေမယ့် ကျွန်တော်တို့ ရွှေတွေက မခေပါဘူး၊ အခက်အခဲကို ကျော်ဖြတ်ပြီး ဘန်ကောက်မှာဆိုရင် ရွှေတွေ သိန်းချီနေပါပြီ။

ဒီလိုနဲ့ နယ်စပ်ဖြစ်တဲ့ မဲဆောက် ဆိုရင်လည်း တစ်မြို့လုံးလူဦရေရဲ့ ၃ချိုး၂ ချိုးက ရွှေမြန်မာတွေဘဲ လို့ ဆိုရရင် မှန်ပါလိမ့်မယ်။ ဒါဆိုတော်တော် ကောင်းလား လို့ မေးရင်တော့ အားလုံးဟာ အလုပ်သမားပါဘဲ၊ ထိုင်းသဌေးကို သဌေး သဌေး ဆိုပြီး ကြောက်နေ ကြရတဲ့ သူတွေပါဘဲ။

ဒီအထဲက အနဲစုကတော့ ကိုယ့်လူမျိုးကောင်းစားရေးအတွက် ဘ၀စွန့်အနှစ်နာခံပြီး လုပ်နေတဲ့ နိုင်ငံခြားအ ထောက်အပံ့ခံ လူကြီးတွေကတော့ လူနဲစုအနေနဲ့ နဲနဲရှိပါတယ် ဒါပေမယ့် သူတို့က အဆင့်အတန်း မြင့်လွန်းတော့ ကျွန်တော်တို့လို့ ညဈေးမှာ ကုန်တင်ကုန်ချ လုပ်တဲ့သူ တစ်ယောက်ကိုတော့ သိမယ်မထင်ပါဘူး။

ကျွန်တော်တို့ အလုပ်လုပ်နေရင်းက ထိုင်းမှာနေလို့ ရအောင်ဆိုပြီးတော့ ၁ နှစ်နေထိုင်အလုပ်လုပ်ခွင့်အတွက် ဆေးစစ်ခ ဘတ် (၁၉၀၀) နဲ့ အလုပ်သမားလုပ်ခွင့် ဘတ် (၁၀၀၀) အကုန်အကျ ခံပြီး လုပ်လိုက်ရပါတယ်။ တစ်ရက်မှ (၁၃၀)ဘတ် ရတဲ့ ကျွန်တော်တို့ ငွေကို( ၂၀)ဘတ် အထိုးနဲ့ ချေးပြီး လုပ်ရတာပါ။ ဒီတော့ ဒီအကြွေးက လပေါင်းများစွာ မကြေနိုင်ပါဘူး။ ၁၃၀ နဲ့ စားရေးသောက်ရေးက ခက်ပါတယ်။

ဒီကြားထဲမှာ ကိုယ်ပိုင်အိမ်မရှိတဲ့ ဘ၀မို့ လကုန်ရင် အိမ်လစာကလည်း ရှာရပါသေးတယ်။ ဒီလိုနဲ့အကြွေးသံသရာက လွတ်တယ်ဆိုတာ ရှိကိုမရှိဘူး၊ အခု ကျွန်တော်တို့ အောက်ခြေက လူတွေမှာ ပြသာနာ တက်လာပါတယ် ဘာလဲ ဆိုတော့ ပါတ်စပို့ ဆိုတာပါဘဲ။

ကျွန်တော်တို့ အခုကိုင်ထားတဲ့ လက်မှတ်တွေကို သက်တမ်း မတိုးပေးတော့ဘူးလို့ ကြေညာလိုက်ပါပြီ။ သက်တမ်းတိုးချင်တယ်ဆိုရင်တော့ ပါတ်စပို့လုပ်ရပါမယ်တဲ့၊ ပါတ်စပို့မရှိရင် ဆက်ပြီးနေထိုင်ဖို့ ရိုင်းရိုင်းပြောရရင် (ဆက်ကျွန်ခံဖို့ --ကျွန်တော်ရိုင်းပြတယ်ဆိုရင် တောင်းပန်ပါတယ်--) မဖြစ်နိုင်တော့ပါဘူး။

ပါတ်စပို့လုပ်ဖို့က ဘတ် (၅၀၀၀) ကုန်ကျမယ်လို့ဆိုပါတယ်။ ကျွန်တော်တို့က ဘတ်သက်တန်းဆက်လာတာ ၃ နှစ်ရှိပြီမို့ ဒီဈေးနဲ့ရတာ လို့ပြောပါတယ်၊ ကျေးဇူတင်ပါတယ် အေးဂျင့်ရယ်။ ပါတ်စပို့က ၂ နှစ်ရတယ် ၆ နှစ်ရတယ် ပြောကြတာပေါ့ မသိပါဘူး။

သေချာလေ့လာကြည့်လိုက်တော့ စာအုပ်ရဲ့သက်တန်းပါ စာအုပ်သက်တန်းနဲ့ နေထိုင်ခွင့်သက်တန်းကလည်း သေသေချာချာကွဲအောင် ပြောကြဖို့လိုသေးတယ်ဗျာ့။ ကျွန်တော်က စာအုပ်ရပြီပေါ့ဗျာ ထားပါတော့ ရရင်နေလို့ရပြီလား ဆိုတော့ မရသေးဘူးတဲ့ လူဟောင်းတွေဘတ်သက်တန်းတိုးတဲ့ ၂ လပိုင်း ၂၈ ရက်အတွင်းကို ဘတ်သက်တန်းတိုးရမယ်တဲ့ ဒုက္ခပါဘဲ။ ဆေးစစ်ရမယ် စုစုပေါင်း ၂၉၀၀ ကုန်အုံးမယ်ပေါ့၊ ဒါကတရားဝင်ဈေးနော် သူဌေးခဆိုတာပါ ထဲ့ရင် ဒီလောက်နဲ့ မရဘူး။ ဒါဆိုစုစုပေါင်း အောက်ထစ် (၈၀၀၀) ဘတ် ကုန်ပြီပေါ့။ ကျွန်တော်တို့ တစ်ရက် (၁၃၀)ရတဲ့ သူတွေ ဘယ်လိုလုပ်မလဲ။

ဒီတော့ သူဌေးက ငွေစိုက်ပေးတယ် ပြီးတော့ လစာထဲက ဖြေဖြေ ဖြတ်မယ်ဆိုတော့ ကျွန်တော်တို့ အလုပ်သမားတွေ ၀မ်းသာကြရတယ်။ ဒါပေမယ့် သူဆီမှာတော့ ၂ နှစ်လောက် အလုပ်အကြွေးပြုရမယ် ဆိုတာကို ခေါင်းထဲ မထဲ့ချင်တော့ပါဘူး။ သူ့စိတ်မကြည်လို့ ဆဲဆဲဆိုဆို ရိုက်ရင်လည်း ခံလိုက်ရုံဘဲလေ။ ငွေတောင်စိုက်ပေးတာဆိုတော့ မဟာကျေးဇူးရှင်ကြီးပေကိုး။

ဒါက ငွေစိုက်တဲ့ သူဌေးရှိလို့ ဒီလူတွေက ပါတ်စပို့ကို အေးဂျင့်တွေကတဆင့် တင်ပြီးကြပေမယ့် ကျွန်တော်တို့လို့ စိုက်ပေးမယ့်သူမရှိတဲ့ အုပ်စုက မလွယ်လှဘူးလေ။ နေတိုး၊ လတိုး၊ ထပ်ဆင့်တို့၊ နေပြန်တိုး၊ အရင်း မပေးနိုင်သ၍ သွင်းရမယ့် အတိုး၊ စသည့် အတိုးတွေတောင် ချေးလို့မရဘူး၊ ကိုယ်ထက်ဦးသူတွေက ရှိနေပြီလေ။

ဒီလိုနဲ့ ကျွန်တော်သတိရမိတာက ကျွန်တော်တို့လူမျိုး အလုပ်သမားတွေဘက်က မားမားမတ်မတ် ရပ်တည်ပေးမယ် ဆိုတဲ့ သူတွေကိုပါ။ ဒါနဲ့ အလုပ်သမားအရေး လုပ်တဲ့ သူတွေကိုသွားကြည့်တော့ အစည်းအဝေးက များနေလို့ မတွေ့ရပါဘူး။

နောက်တစ်နေရာကို သွားတော့လည်း လူကြီးက အနောက်နိုင်ငံကြီးတစ်ခုကို သွားတယ်ဆိုလားပါဘဲ မရေရာ ခဲ့ပါဘူး။ ဒါနဲ့ လူကြီးနဲ့ မတွေ့ရရင် လူငယ်နဲ့ တွေရပါစေတော့ ဆိုပြီး တွေ့တဲ့ သူကို ဒီလိုတွေဖြစ်နေပါတယ် ပြောပြတော့လည်း “ ဒါကတော့ ထိုင်းနိုင်ငံ- မြန်မာနိုင်ငံ တို့ရဲ့ ဥပဒေပါ” လို့ ပြန်ပြောပါတယ်။

ဥပဒေ ဆိုတာ လူက သတ်မှတ်ပြဌာန်းရတာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ နေရာမှာ ဥပဒေ တစ်ခုဆိုတာ လွတ်တော်က ပြဌာန်းတာပါ ပြဌာန်းဖို့ဆိုတာကလည်း အများ နှစ်သက်ရမယ်။ အောက်ခြေလူတန်းစားတွေ နစ်နာမှု့ အနည်းဆုံးဖြစ်ရပါ့မယ်။ တကယ်လို့ ဒီဥပဒေကို ပြည်သူက သော်လည်းကောင်း သို့တည်းမဟုတ် အလုပ်သမား လယ်သမားတွေကသော်လည်းကောင်း ကျောင်းသားက သော်လည်းကောင်း တစ်ဦးဦးက အရမ်းနှစ်နာတယ် ဆိုရင် ကန့်ကွက်ရမယ် အရေးဆိုရမယ် ဒီလိုလုပ်လာရင် ဒီဥပဒေ ဆိုတာကို ပြန်ပြီး စဉ်းစားရမှာပါ။ ဒါကို ဒီမိုကရေစီနည်းကျတယ် လို့ ပြောရင် ရမလား မရဘူးလား။ ဒီလိုဘဲ ထင်တာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီလမ်းကြောင်းအမှန်ပေါ်ကို သွားနေသလို ထိုင်းနိုင်ငံကလည်း ဒီမိုကရေစီ နိုင်ငံတစ်ခုလို့ ကျွန်တော် ဒီရက်ပိုင်း ဂျာနယ်လေးဘာလေးဖတ်ရလို့ သိထားပါတယ်။

ကျွန်တော်တို့ အရမ်း ဒုက္ခရောက်နေတာကတော့ အမှန်ပါဘဲ။ ဒီအတွက် စာနာနိုင်ကြပြီး ကျွန်တော်တို့ အခက်အခဲတွေကို ဖြေရှင်းပေးမယ့် ဦးဆောင်ပေးမယ် အမှန်တစ်ကယ် အလုပ် လုပ်ပေးနိုင်တဲ့ မြန်မာ အမျိုးသားကောင်း အဖွဲ့တစ်ခုလောက် မဲဆောက်မှာ ရှိရင် အရမ်း ကောင်းမှာဘဲလို့ တွေးရင်းနဲ့ နောက်နေ့မိုးလင်းရင် ရောက်လာမယ့် နေပြန်တိုးသမားကို ပေးဖို့ ညဘက် ကုန်ထမ်း အလုပ်ဆင်းဖို့ ဈေးကိုထွက် လာခဲ့ရပါတယ်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger