Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ကျီးကန်းတွေမရှိသောလမ်း

ကျီးကန်းတွေမရှိသောလမ်း

Written By kawknyaw on Friday, January 6, 2012 | 1/06/2012

ဇန်န၀ါရီ ၆၊ ၂၀၁၂ (မိုးမခ သတင်းဌာန)

ကလေးဘ၀တုံးက “ညက အိပ်မပျော်ဘူးဟယ်” ဆိုသည့် အမေ၏ မြည်ကြွေးသံကို ကျနော်က ကလေးပီပီ နားမလည်နိုင်ခဲ့။ အထူးအဆန်း ဖြစ်နေခဲ့သည်။ ဘ၀ထဲမှာ စုံဆန်ကူးခတ်ရင်း စိတ်အလိုမကျတာ တွေ၊ ရင်ထဲလှိုက်အောင်ခံစားလိုက်ရတာတွေ၊ ယူကျုံးမရဖြစ်လိုက်ရတာ တွေ ရှိလာသော ဒီအရွယ်မှာတော့ အမေ၏ အိပ်မပျော်ဘူးဆိုသည့် စကားကို ကိုယ်ချင်းစာစိတ်ဖြင့် ခံစားသိ
သိလာခဲ့သည်။ မနေ့ညကတော့ အင်တာနက်မှာ သတင်းတွေ ဖတ်ရင်း၊ ကြည့်ရင်း ကျနော့်စိတ်ထဲ ရှုပ်ထွေးနောက်ကျိကာ ထွက်ပေါက်မရှိ ပိတ်မိနေခဲ့ပြီး အိပ်မပျော်ဖြစ်ခဲ့သည်ထင်သည်။
နိုင်ငံရေးသမား မဖြစ်ချင်ဘဲ နိုင်ငံ့အရေးကို စိတ်ဝင်စားသော ကျနော် အင်တာနက်သုံးလျှင် နိုင်ငံရေးဆိုဒ်တွေထဲ အစုန်၊ အဆန် ၀င်လိုက်၊ ထွက်လိုက် လုပ်နေတတ်သည်။ မနေ့ညကလဲ သတင်းတွေ လိုက်ဖတ်နေရင်း မြန်မာကောင်မလေးနှစ်ယောက်ကို မြန်မာယောင်္ကျား အရင့်အမာကြီးတွေ ငါးယောက်လောက်က ၀ိုင်းဝန်း ရိုက်နှက်နေကြတာကို မထင်မှတ်ဘဲ အထိတ်တလန့် တွေ့လိုက်ရသည်။ ကျနော့် စိတ်ထဲမှာ ဒေါသ အချောင်းလိုက်၊ အတောင့်လိုက် ထွက်ကျ လာသည်။ ငယ်ရွယ်စဉ်က အမတွေနှင့် ရန်ဖြစ်တိုင်း လက်သီး တကားကား ဖြစ်နေတတ်သော ကျနော့်ကို “မင်းမှားမှား၊ မင်းမှန်မှန် မိန်းကလေးနဲ့ ရန်ဖြစ်ရင် လက်ပါတာ ငါလုံးဝမကြိုက်ဘူး” ဟု ၀င်ငေါက်တတ်သော အမေ့ကို သတိရမိသည်။
ကြည့်လိုက်ရသော ဗွီဒီယိုဖိုလ်လေး၏ မူလအရင်းအမြစ်ကိုသိချင်သဖြင့် ဒေါသအခိုးလျှံနေသော ကျနော်က အင်တာနက်မှာ အပင်ပန်းခံရှာ မိသည်။ Comment တွေနှင့် ဗွီဒီယိုဖိုလ်ထဲရှိ အသံများကို တိုက်ဆိုင်ကြည့်တော့ မလေးရှားနိုင်ငံမှာ ဖြစ်ထားကြသည်ကို သိလာရသည်။ အရိုက်ခံရသူ ကောင်မလေးနှစ်ယောက်က နီပေါတွေ၊ ဘင်္ဂလားတွေနှင့် လိုက်အိပ်သည်။ ဒါကို ဆုံးမရမည့်တာဝန်ရှိသည်ဟု ခံယူထားသော ထို ကိုရွှေ ကိုမျိုးများက ၀ိုင်းဝန်းရိုက်နှက်နေ ကြခြင်းဖြစ်သည်။ ကျနော့်ဒေါသများက ယူကြုံးမရဖြစ်ခြင်းသို့ ပြောင်းလဲသွားသည်။
ရေခြား၊ မြေခြားမှာ ဒီလိုနိုင်ငံခြားသားတွေနဲ့လိုက်အိပ်ပြီး ပိုက်ဆံရှာရလောက်အောင် ဖြစ်နေရရှာသည့် မြန်မာကောင်မလေးတွေ ရှိနေပါ လားဆိုသည့်အတွေးက ကျနော့်စိတ်ကို ပူလောင်စေသည်။ လမ်းမမှားရအောင်၊ အမျိုးဂုဏ်ထိမ်းသိမ်းအောင် ဆိုဆုံးမချင်ကြသဖြင့် မိန်း ကလေးနှစ်ယောက်ကို ထိုသို့ ၀ိုင်းဝန်း ရိုက်နှက်၊ ကန်ကျောက်နေကြသော ယောင်္ကျားကြီး ငါးယောက်ခန့်ကိုလဲ ကျနော် တအံ့တသြကြီး ဖြစ်မိသည်။
ကျနော့် စိတ်ဘ၀င်တွေ ပူလောင်လွန်းမက ပူလောင်လွန်းခဲ့သည်။ ကျနော့် အတွေးတွေက အဆုံးအစမဲ့ အိန်ငြေ်္ဒရေ မရ။ ကျနော်ဖွင့်ထားသော သတင်းဆိုဒ်ကို Minimize လုပ်လိုက်သည်။ Desktop Background တင်ထားသော ဓာတ်ပုံထဲရှိ ပုဂံဘုရားတွေက ကျနော့် စိတ်ကို ခဏတာ အေးချမ်းငြိမ်သက်စေသည်။ သမိုင်းအစဉ်အလာကြီးမားသော၊ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုများဖြင့် ဂုဏ်ယူနိုင်ခဲ့သော ထိုပုဂံသား တို့က သူတို့သားစဉ်မြေးဆက် ကျနော်တို့အကြောင်းတွေသာ သိရှိခဲ့လျှင် ဘာတွေများ ပြောမှာပါလိမ့်။ မြန်မာနိုင်ငံကို စတင်တည်ထောင် ခဲ့သော အနော်ရထာမင်းကြီးသာ သိလျှင် အရိန္ဒမာလှံကြီးနဲ့ အခုခေတ် ကျနော်တို့ မြန်မာတွေကို တွေ့ကရာ လိုက်လံ ထိုးခုတ်နေမည်လေလား။
Desktop ဘယ်ဘက်ထိပ် Slide Gadgets ထဲမှ ဗိုလ်ချုပ်ပုံများသည် ကျနော့်ကို ထွက်ပြီး ကြည့်သွားလိုက်။ ပြန်ဝင်သွားလိုက် ဖြစ်နေကြသည်။ ဗိုလ်ချုပ်ပြောခဲ့သည့် “ခင်ဗျားတို့ေxxာက်ကျင့်တွေကို ပြင်ရမယ်။ ××ာနိုင်ငံကြီးဖြစ်သွားမယ်” ဆိုသည့် ဂရုဏာဒေါသ သံတွေသည် ကျနော့် ရင်ဘတ်ထဲမှတဆင့် နားစည်ကို လာရောက် ရိုက်ခတ်လာသည်။
ကျနော်တို့နိုင်ငံကြီး အောက်တန်းကျနေတာ၊ ကျနော်တို့လူမျိုးတွေ စုတ်ပြတ်သတ်နေတာ၊ ကျနော်တို့လူမျိုးတွေ အစစ အရာရာ အောက်ကျ နောက်ကျ နိုင်နေတာကို ဗိုလ်ချုပ်သာ သိနိုင်ခဲ့လျှင် လွတ်လပ်ရေးနဲ့ မထိုက်တဲ့ ကောင်တွေ။ ငါလွတ်လပ်ရေး ရအောင် လုပ်ပေးခဲ့တာ မှားလိုက်လေခြင်းဆိုပြီး နောက်တတွေများ ရနေမလား။ ဒါမှ မဟုတ် “မင်းတို့က အုပ်ချုပ်သူ မိဘ၊ ပြည်သူပြည်သားတွေက သားသမီးတွေ၊ မင်းတို့ စောက်သုံးမကျလို့၊ မင်းတို့ မဆုံးမလို့၊ မင်းတို့ ပညာကောင်းကောင်းသင်မပေးလို့ ဒီလိုဖြစ်နေရတာ” ဟု ငေါက်ငမ်းကာ သူတည် ထောင်ခဲ့သည့်စစ်တပ်မှ အာဏာရှင်တွေကို ဖနှောင့်နဲ့များ လိုက်ပေါက်နေမလား။ မိဘတိုင်းက သားသမီးတိုင်းကို နိုင်တာမဟုတ်ပါဘူး ဗိုလ်ချုပ်ရာ ဆိုပြီး ဆင်ခြေတွေ ပြန်ပေးနေကြလို့ ဒေါသတွေ ထွက်လွန်းမက ထွက်ကာ လေတွေ ဘာတွေများ ဖြတ်သွားလေမလား။
ကျနော် အိပ်မှ ဖြစ်မည်ဟု တွေးပြီး အတွေးစကို ဖြတ်ဖို့ ကြိုးစားကာ အခြားဆိုဒ်တစ်ခုကို ပြောင်းသည်။ နိုင်ငံရေး အကျဉ်းသား Discount ပေးသည့် သတင်းကို ဖတ်လိုက်ရပြန်သည်။ သတင်းကို အဆုံးထိ ဖတ်လိုက်ပြီး ကျနော့် ကွန်ပြူတာလေး၏ မော်နီတာကို ပိတ်လိုက်သည်။ ကျနော် ဘာကိုမှ ဆက်ပြီး မတွေးချင်တော့။ “စိတ်တွေ ဗလောင်ဆူရင် တရားနာ ငါ့သားရဲ့” ဆိုသည့် အမေ့စကားကို နားထောင်ကာ တရားတစ်ပုဒ်ဖွင့်ကာ အာရုံစိုက်နားထောင်သည်။ တရားသံသည် ကျနော့်စိတ်ကို အေးချမ်းငြိမ်သက်စေသည်။ တရားနာရင်း ဘုန်းကြီးတွေက ဘုန်းကြီးအလုပ်ကို အာရုံဖြောင့်ဖြောင့် မလုပ်နိုင်လောက်အောင် ၀င်ပြီးကူညီပေးနေရသည့် မြန်မာ့အရေးကို စိတ်အလျှင်က ရောက်သွားပြန်သည်။ အတွေးတွေက လက်ဆင့်ကမ်း၊ စိတ်အစဉ်သည် ဖြတ်မရ။
စိတ်က တလူးလူးတလွန့်လွန့်။ မျက်စိကို ဇွတ်အတင်းမှိတ်သည်။ နှာသီးဝရှိ ထွက်လေ၊ ၀င်လေကို အာရုံပြုသည်။ ကျနော်ရှုရှိုက်နေသော လေများသည် ပူလောင်လွန်းလှသည်။ သိပ်သည်းဆများလွန်းကာ အသက်ရှူမ၀။ အိပ်ယာပေါ်မှာ ကျနော်လူးလွန့်နေတာ ဘယ် လောက်ကြာသွားသည်မသိ။ အလုပ်သွားဖို့ အိပ်ရာနှိုးရန် ပေးထားသည့် Alarm ကထမြည်မှ မနက်ခြောက်နာရီ မတ်တင်းဆိုတာ သိ လိုက်ရသည်။
အလုပ်ပျက်လို့မဖြစ်။ နိုင်ငံခြားမှာ အလုပ်လာလုပ်နေသော ကျနော်တို့လို နိုင်ငံခြားသားတွေအတွက် အလုပ်ကိုလေးစားမှ တော်ကာ တန် ကာကြသည်။ အိပ်ယာပေါ်မှ အားယူထ၊ မျက်နှာသစ်၊ ထမင်းချိုင့်ထည့်ကာ အိမ်ကထွက်လာတော့ ခြောက်နာရီ မိနစ်နှစ်ဆယ်။ အခန်း အပြင်ဘက်ရှိ သြကာသ လောကကြီးသည် အလင်းရောင် ကောင်းစွာမရတတ်သေး။
လမ်းတစ်ဝက်ရောက်ခါနီးမှ ကျနော် သတိထားမိလာသည်။ အရင်ရက်တွေက ဒီအချိန်ဆိုလျှင် မှောင်နှင့် မည်းမည်း သစ်ပင်ကြီးတွေပေါ်မှ သြဥ၊ သြဥ ဆိုသည့် သြဥငှက်လေးများ၏ အော်မြည်သံသည် ကျနော်နှင့် လောကသဘာဝကြီးကို စိတ်လက်ကြည်သာ ချမ်းမြေ့စေသည်။ ဒီနေ့မနက်ခင်း မှာတော့ သြဥသံများ တိတ်ဆိတ်ကာ တအာအာဖြင့် အုပ်စုလိုက် အော်မြည်နေသည့်ကျီးကန်းတွေအသံကိုသာ စိတ် ညစ် ငြူးဖွယ်၊ စိတ်မချမ်းမြေ့ဖွယ် ကြားနေရသည်။
“ကျီးကန်းလို့ သူများကို နှိမ်မခေါ်ပါနဲ့ ငါ့မြေးရယ်။ ရွှေကျီးတွေလို့ခေါ်ပါ။” ဟု ကျနော့်ကို ဆုံးမခဲ့သည့် တမလွန်မှ အမေကြီးကို သတိရမိသည်။ အုပ်စုလိုက် တအာအာအသံများဖြင့် သာယာလှပသော ကျနော့်မနက်ခင်းလောက သဘာဝကိုဖျက်ဆီးနေသည့် ဒီငှက်တွေကို ရွှေကျီးတွေလို့ တင်စား မနေချင်တော့။ အမည်နာမ မတပ်ချင်တော့။ လောကသဘာဝကြီးကို အသံချိုချို အေးအေးများနှင့် အလှဆင်ပေး နေသည့် သြဥငှက်ကလေးများကို ထိုကျီးကန်းတွေသည် စုဖွဲ့မှုကောင်းကောင်းဖြင့် ထိတ်လန့်နေစေသည်။ ရှောင်ပုန်းနေစေသည်။
အိပ်ရေးပျက်ထားသောကျနော့်ခေါင်းက နောက်ကျိကျိဖြစ်လာသည်။ ကျနော့်ခြေလှမ်းများကို မြန်နှုန်းတင်လိုက်သည်။ တအာအာ အသံ များနှင့် အမြန်ဝေးမှဖြစ်မည်။ နောက်လေးငါးရက်ခန့် ကျနော်စောင့်ကြည့်အုံးမည်။ အုပ်စုလိုက် ဇာကျယ်ကာ သူတို့ထက် အားအင်သေး ငယ်သည့် သြဥငှက်လေးတွေအပေါ် အနိုင်ကျင့်ကာ တအာအာ အာလွန်းသည့် ကျီးကန်းတွေကို ကျနော် သတိထားကြည့်မည်။ သူတို့ အသံကို ကျနော်သဘောမကျကြောင်းကို သစ်ပင်အောက်မှ လက်ခုပ်တီးကာ ခြောက်မည်။ အော်ဟစ်ကာ ခြောက်လှန့်မည်။ ဒီအထဲကမှ တအာ အာ နှင့် ဆက်ပြီး အာ ကာ သြဥငှက်လေးများနှင့် လောကသဘာဝကို အနေကြုံ့နေစေလျှင် ထိုကျီးကန်းများမရှိရာ၊ ထိုကျီးကန်းများ နှင့်ဝေးရာ၊ ထိုကျီးကန်းများ မကြီးစိုးနိုင်သောလမ်းကို ကျနော်ရွေးချယ်ရမည်။ ဘယ်လိုဘဲ အိပ်ရေးပျက်ခဲ့ ပျက်ခဲ့၊ ဘယ်လောက်ဘဲ ဝေးဝေး ကျနော့် မနက်ခင်းတိုင်းလှပဖို့ ကျနော် ကြိုးစားရမည်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger