Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » Happy New Year နှင့် နှစ်သစ်ကူးမှာ ပျော်ပါစေ

Happy New Year နှင့် နှစ်သစ်ကူးမှာ ပျော်ပါစေ

Written By kawknyaw on Monday, January 2, 2012 | 1/02/2012


ကျနော့် စာလေးတွေဖတ်ပြီး အွန်လိုင်းပေါ်မှ သိလာခဲ့ရသည့် လူငယ်လေးတယောက်က “Hi!! Uncle Myo, Happy New Year”  ဟု နှုတ်ဆက်လာ၏။ ကျနော်က “မင်္ဂလာနှစ်သစ်မှာပျော်ရွှင်ပါစေ” ဟု မြန်မာလိုပြန်ရိုက်တော့ “ဦးမျိုးက လည်းဗျာ၊ အမေရိကန်မှာနေပြီး အောက်လိုက်တာ.. Same to you.. ဘာညာပြန်ပြောမှ မိုက်မှာပေါ့ဗျ” ဟု ဆိုသဖြင့် ကျနော် ပြုံးမိ လိုက်သည်။ ချက်ခြင်း မြန်မာဖေါင့်ပြန်ပြောင်းပြီး Same to you လိုက်ရ၏။ သူလည်း ကျေနပ်သွားပုံပေါ် ၏။ ဘာမှ ဆက်မပြောတော့။ ဤတွင်
ကျနော့်ခေါင်းထဲ တွေးစရာပေါ်လာ၏။ “သူ..ငါ့ကို မြန်မာ နှစ်ဆန်းတရက်နေ့တုန်း က ဘယ်လိုများနှုတ်ဆက်ခဲ့ပါလိမ့်” ကို ပြန်သိချင်လာ၏။ သို့ဖြင့် သူနှင့်ကျနော် မနှစ်က လုပ်ခဲ့သည့် ချက်တင်န်းတွေကို ပြန်ရှာမိ၏။ မတွေ့။ မြန်မာနှစ်ဆန်းတရက်နေ့က သူနှင့်ကျနော် စကားမပြောဖြစ်ခဲ့။ ပြောဖြစ်ခဲ့ရင် “သူ..ငါ့ကို ဘယ်လိုများ နှုတ်ဆက်မှာပါလိမ့်”ဟု အတွေးကဆက်ဝင်လာ၏။ ထိုကြောင့် ဤစာရေးဖြစ်သွား၏။
ကျနော်သည် နေရာတကာပညာပေးတွေများသည့်ခေတ်တွင် လူဖြစ်ပါသည်။ စာပေ၊ ရုပ်ရှင်၊ ဂီတ နယ်ပယ် တို့မှအစ  ယုတ်စွအဆုံး အီးအီးကုန်းသည်အထိ။ ထို့ကြောင့်လားမသိ။ အရွယ်မရောက်ခင်ကပင် အုပ်မှည့်သီးလိုပိန် လှီရှူံတွကာ ပညာပြည့်ဝလာ၏။ ကမ္ဘာကြည့်ကြည့်မြင်ပညာတော့ မဟုတ်တန်ရာ။ နှလုံးလှမလှကလည်း မသေချာ။
ကျနော်သည် တဖက်သတ်ဝါဒဖြန့်ချိမှုအားကြီးသည့်ခေတ်တွင် လူဖြစ်ပါသည်။ လူနှင့်လူ့ပတ်ဝန်းကျင်တို့၏ အညမည သဘောတရားမှသည် ပင်လယ်ငါးအထိဖြစ်၏။ ထို့ကြောင့်ထင်ပါသည်။ ဈေးကြီးသည့်ရေချိုငါးများကို မတတ်နိုင်သည့် အခါ ခေတ်မီအောင်ဆိုပြီး ပင်လယ်ငါးကို မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ချက်ပြုတ်စားကြ၏။ ၂၆ နှစ် ကြာတော့မှ အရသာ ကို သိရပါသည်။ မကောင်းဆိုတာတော့ သေချာပါသည်။
ကျနော်သည် သမဝါယမနှင့် ကိုယ်ထူကိုယ်ထခေတ်တွင် လူဖြစ်ပါသည်။ နဖူးကွဲဒူးပြဲ တန်းစီတိုးစားခြင်းကို ပြည်သူ့ဆန် သည်ဟု ကြံဖန်ဂုဏ်ယူခိုင်းရာမှစကာ သူထဖို့ကိုယ်ထူပေးရခြင်းအား ဝမ်းမြောက်တတ်အောင် အသင်ကြားခံရသည် အ ထိ ဖြစ်ပါသည်။ ထို့ကြောင့် ဖြစ်ပါလိမ့်မည်။ နိုင်ငံရေးလုပ်သဖြင့် ကိုယ့်စားရိတ်နှင့်ကိုယ် ထောင်ကျရသည်ကိုပင် ကိုယ့်အ ခွင့်အရေးဆုံးရှူံးမှုတရပ် ဖြစ်သည်ဟု မထင်တတ်ခဲ့ပါ။ ကိုယ့်ဘာသာ ကျေနပ်မိသလို ဖြစ်ခဲ့ဖူး၏။
ကျနော်သည် တူညီဝတ်စုံနှင့် စစ်ချီသီချင်းအား ကိုးစားယုံမှားသည့်ခေတ်တွင် လူဖြစ်ပါသည်။ ကြက်ခြေနီ၊ အရံမီးသတ်၊ လမ်းစဉ်လူငယ်နှင့် “ရဲရဲတောက် ဒို့ဗမာတွေ…သတ္တိခဲတွေ၊ ရာဇဝင်ထွန်းလောက်အောင်စွန့်ပေ” စသည်တို့နှင့် ယဉ်ပါးခဲ့ ပါသည်။ ထို့ကြောင့် ဖြစ်ပါလိမ့်မည်။ ညီညွတ်ရေးဆိုလျှင် တသွေးတသံတမိန့်နှင့် အကြွင်းမဲ့ဖြစ်ရသည်ဟု သဘောပေါက် ခဲ့၏။ ရုပ်နှင့်စိတ်တွင် ဒဏ်ရာတွေများတော့မှ အမှားကောက်နားလည်ချက်ဖြစ်ကြောင်း သဘောပေါက်လာ၏။
ကျနော်သည် စနစ်တခုကိုပြောင်းပြန်လှန်ရာတွင် စစ်၊ တော်လှန်ရေး၊ သံနှင့်သွေး၊ လေးနှင့်မြားသာ အခရာဟု ဆိုသည့် ခေတ်စွန်ခေတ်ဖျားတွင် လူလားမြောက်ခဲ့ပါသည်။ ထို့ကြောင့် ထင်၏။ ကျနော့်အတွေးတွင် ဥပဒေဆိုသည်ထက် တရား ကို၊ လူဆိုသည်ထက် လူတန်းစားကို၊ လူထုဆိုသည်ထက် ပြည်သူကို၊ လှုပ်ရှားမှုဆိုသည်ထက် တိုက်ပွဲကို ပိုအလေးထား အလေးသာနေတတ်ပါသည်။
သို့နှင့် အတွေးက ဟက်ပီးနူးယီးယားကို ပြန်ရောက်လာပါသည်။ ကျနော့် ဘဝတွင် Happy New Year ဟု ပထမဆုံး စတင်နှုတ်ဆက်ခဲ့ဖူးသည်မှာ ၁၉၉၈ ခုမှ ဖြစ်ပါသည်။ ထောင်ထဲတွင် ဖြစ်ပါသည်။ ထိုမတိုင်ကတည်းက သင်္ကြန်အတက် နေ့ပြီး နောက်တနေ့သည် မြန်မာနှစ်ဆန်းတရက်နေ့မှန်းသိသလို ဇန်နဝါရီတရက်နေ့သည်လည်း အင်္ဂလိပ်နှစ်ဆန်းတ ရက်နေ့ ဖြစ်ကြောင်း သိပါသည်။ သို့သော် ထိုနေ့ နှနေ့လုံးတွင် မည်သူ့ကိုမှ တခုတ်တရ “Happy New Year” ဟုလည်း ကောင်း “မင်္ဂလာနှစ်သစ်ပါ” ဟု လည်းကောင်း မနှုတ်ဆက်ခဲ့ဖူးတာ သေချာပါသည်။ ဘာ့ကြောင့် ထိုသို့ နှုတ်မဆက်ခဲ့ရ တာလည်းဟု ကိုယ့်ကိုယ်ကို ပြန်မေးတော့လည်း အဖြေကရေရေရာရာမထွက်။ တခါတရံတွင် နှစ်တနှစ်ကူးသွားခြင်းဆို သည်ကိုပင် မှတ်မှတ်ရရမရှိသဖြင့် သိပင်မသိလိုက်ခဲ့။ သင်္ကြန်မှာရေကစားမည်။ ပျော်မည်။ နှစ်ဆန်းတရက်နေ့သည် ကျနော့်အတွက် ထွေထွေထူးထူး ပျော်စရာမရှိလို့လည်း ဖြစ်ချင်ဖြစ်မည်။ ဇန်နဝါရီတရက်နေ့သည် အင်္ဂလိပ်တွေ နှစ်ကူး တာ ငါနှင့်မဆိုင်ဟု ထင်ခဲ့မိတာလည်း ဖြစ်နိုင်၏။ နှစ်တနှစ်က နောက်တနှစ်ကိုကူးသွားခြင်းသည် အထူးအဆန်းမဟုတ်၊ အရေးပါသည့်ကိစ္စမဟုတ်ဟု ထင်မိတာလည်း ဖြစ်နိုင်သည်။
နောက်ဆုံး ဘာ့ကြောင့်ဆိုတာတွေ မေးရင်းမေးရင်းနှင့် အင်္ဂလိပ်နှစ်ကူးခြင်းအပေါ်ထားသည့် သဘောထား အတိမ်အ နက်သည် ခေတ်နှင့်လည်းဆိုင်သည်ဟု တွေးတောမိပြန်၏။ကျနော်တို့ခေတ်က ၅ တန်းရောက်မှ အင်္ဂလိပ်စာ စသင်ရ၏။ အင်္ဂလိပ်စာမှတပါး ဘာသာရပ်တိုင်းလိုလိုလည်း မြန်မာလိုသာအသင်ရများ၏။ အင်္ဂလိပ်လို ကျင်ကျင်လည်လည် မပြော တတ်လည်း တက္ကသိုလ်တခုခုက ဘွဲ့တခုခုဆွတ်ခူးနိုင်၏။ ထို့ကြောင့် အင်္ဂလိပ်စာမတတ်လည်း ပညာတတ်ဆိုသည်ဖြစ် လို့ရ၏။ ထိုအထိ မဆိုးသေး။ သို့သော် မကောင်း။ ပိုဆိုးသည်က ရွယ်တူကျောင်းသားခြင်း အပြင်မှာ အင်္ဂလိပ်စကားပြော သင်တန်းတက်ပြီး နည်းနည်းပါးပါးပြောလျှင် “ဒီကောင်က ဒွတ်ဒက်ရွှတ်ရှက်တွေနဲ့ အတော် ဘိုလမ်းနီးတဲ့ကောင်”ဟု အမနာပ ပြောတတ်ကြခြင်းပင် ဖြစ်၏။ ထိုကိစ္စကား အတော်ဆိုးသည်။ ဘာသာခြား စကားကို အထင်သေးခြင်းနှင့် သင် ယူသူအား နှိမ့်ချပြောဆိုမှုဟု ထင်၏။ အင်္ဂလိပ်စာသင်လျှင် အင်္ဂလိပ်ယဉ်ကျေးမှု ပါသင်ရတော့မည်။ သူ့ဘာသာစကား ကိုသင်ယူမည်ဆိုလျှင် သူ့ယဉ်ကျေးမှုကိုနားလည်ရန်လိုခြင်းသည် အဆက်အစပ်ဖြစ်၏။ သို့မှာသာ သူ့စာ၏ သဘော သွားကို မိမိရရဖမ်းမိဆုပ်မိရှိလိမ့်မည်။ သို့သော် သူ့ယဉ်ကျေးမှုကိုနားလည် ခြင်းနှင့်ကိုယ်တိုင်ကျင့်သုံးခြင်းမှာမူ သီးခြားစီ ဖြစ်၏။ ကျနော်တို့ခေတ်သည် ကျနော်တို့ကို ထိုသို့မြင်တတ်အောင် သင်ပေးရမည့်အစား ဇာတိပုညဂုဏ်မာနတွေ သက် သက်ကိုသာ သိစေချင်ပုံရ၏။ ဂျပန်ဆိုလျှင် ဖက်ဆစ်နှင့်တွဲမြင်ခိုင်းပြီး အင်္ဂလိပ်ဆိုလျှင် ကုလားဖြူနယ်ချဲ့ဟုသာ ထင် စေချင်ပုံပေါ်၏။ အနောက်တိုင်းယဉ်ကျေးမှုဆန့်ကျင်မှ မျိုးချစ် စိတ်ဓါတ်ရှိပြီး မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းသူဟု ထင်လာ အောင် အတင်းလုပ်ပုံပေါ်၏။ ထို့ကြောင့် ကျနော်တို့ခေတ် က အင်္ဂလိပ်စာသည် စာတွင်ကျယ်မဟုတ်ခဲ့ရ၊ စာပန်းမလှ ဖြစ်ခဲ့ရသည်ထင်၏။ ထို့ကြောင့် ကျနော် ဇန်နဝါရီတရက်နေ့ကို Happy New Year ဟု နှုတ်မဆက်ဖြစ်ခဲ့သည်ဟုလည်း ထင်မိပြန်၏။
ခုတော့ ခေတ်သည် ရွေ့လာပြီဖြစ်၏။ သည်အရွေ့သည် အကောင်းဘက်သို့၊ အသိပညာဘက်သို့ရွေ့ခြင်း လည်းဖြစ်နေ ၏။ ခုတော့ လူငယ်တွေ အင်္ဂလိပ်စာတင်မက အခြားဘာသာခြားစာတွေပါပိုသင်ယူလာသလို ပိုလည်း တတ်မြောက်လာ ကြသည်။ ဘာသာစကားများများပိုတတ်လေလေ အခွင့်အလမ်းများများပိုရှိလေလေ ခေတ်သို့ရွေ့လာသည်ဟု လူငယ် တွေ ကိုယ့်ဘာသာကိုယ်တွေးကြပြီ။ တိုင်းခြားစကားများကို တမြတ်တနိုးလေ့လာသလို မိခင် ဘာသာစကားကိုလည်း တလေးတနက်ရှိကြလိမ့်မည်ထင်သည်။ မြန်မာနှစ်ဆန်းတရက်နေ့တွင် မြန်မာလို “မင်္ဂလာ နှစ်သစ်ပါ” ဟု နှုတ်ဆက်ပြီး ဇန်နဝါရီတရက်နေ့တွင် “Happy New Year” ဟု နှုတ်ဆက်တတ်ကြသည့်ခေတ် ရောက်လာလိမ့်ဦးမည်ဟုလည်း တွေး မိ၏။
ခုတော့ ကျနော် လာမည့် မြန်မာနှစ်ဆန်းတရက်နေ့ကို မျှော်နေမိလေပြီ။ လတန်ခူးလည်း မဝေးတော့ပြီ။ ထိုအချိန်တွင် အွန်လိုင်းပေါ်မှ ကျနော့်လူငယ်လေးသည် “မင်္ဂလာနှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ ဦးမျိုးရေ” ဆိုသည့် နှုတ်ခွန်းဆက်စကား လေးကိုလည်း မြန်မာလိုစာရိုက်ပြီး နှုတ်ဆက်လာလိမ့်မည်ဟု မရဲတရဲလေးမျှော်လင့်မိသလို နောင်နှစ် ဇန်နဝါရီ တရက် နေ့တွင်လည်း “Hi!! Uncle Myo, Happy New Year” နှုတ်ဆက်လာလိမ့်မည်မှာ သေချာပါသည်။ သည်တခါတွင်တော့ ကျနော်လည်း သူ့ကိုပြန်ပြီး “မင်္ဂလာနှစ်သစ်မှာပျော်ရွှင်ပါစေ” ဟု ပြန်မပြောမိရန် သတိထားရပါလိမ့်မည်။
မျိုးမြင့်ချို
ဇန်နဝါရီ ၁ ရက် ၂၀၁၂
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger