Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » နယ်စပ်ဒေသ ကလေးများ တိုင်းနှင့်ပြည်နယ် အားလုံးတွင် ပညာသင်ကြားခွင့် မရဟုဆို

နယ်စပ်ဒေသ ကလေးများ တိုင်းနှင့်ပြည်နယ် အားလုံးတွင် ပညာသင်ကြားခွင့် မရဟုဆို

Written By kawknyaw on Thursday, September 19, 2013 | 9/19/2013

ပညာရေးဝန်ကြီးဌာနက နယ်စပ်ဒေသ ပြင်ပ စာသင်ကျောင်းများမှ ရွှေ့ပြောင်း လုပ်သားကလေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ပညာသင်ကြားခွင့် ပြုထာ...းသော်လည်း ကရင်ပြည်နယ်နှင့် ကယားပြည်နယ်မှလွဲ၍ ကျန်ဒေသများတွင် လက်ခံမှု မရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းလုပ်သား ဆရာ၊ ဆရာမများ အစည်းအရုံး (တာခ့်ခရိုင်) မှ ပညာရေး အလုပ်အဖွဲ့ အတွင်းရေးမှူး ဦးနိုင်နိုင်ထွန်းက The Voice သို့ ပြောကြားသည်။

ဝန်ကြီးဌာနက ယခုနှစ် ဇွန်လတွင် ကြေညာချက် ထုတ်ပြန်ပြီး ဖြစ်သော်လည်း ယခုလပိုင်းအထိ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများကဲ့သို့ ဒေသများတွင် ပညာသင်ကြားခွင့် မရှိသေးကြောင်း၊ နယ်စပ်ဒေသ စာသင်ကျောင်းများ၏ အတန်းအောင် လက်မှတ်များကို အသိအမှတ်ပြုသူ နည်းပါးကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“ကျွန်တော်တို့ဆီက ထုတ်ပေးတဲ့ အောင်လက်မှတ်ကို မသိဘူးဆိုပြီး စစ်ဆေးတဲ့ အဆင့်တောင် မရောက်ဘဲ ကျောင်းအုပ်တွေက ပြက် ရယ်ပြု ငြင်းတာခံရတယ်” ဟု ဦးနိုင်နိုင်ထွန်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ အခြေခံပညာ ကျောင်းများတွင် ရွှေ့ပြောင်း လုပ်သား ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြောင်းလာပါက လက်ခံပေးရန် တရားဝင် အကြောင်းကြားမှု မရှိကြောင်း ပညာရေးဝန်ကြီးဌာန ကျောင်းအုပ်ဆရာတစ်ဦးက The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့ရှိ အခြေခံပညာ ကျောင်းများတွင် ရွှေ့ပြောင်း လုပ်သား ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြောင်းလာပါက လက်ခံပေးရန် တရားဝင် အကြောင်းကြားမှု မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မူလတန်းလွန် ကျောင်းအုပ်တစ်ဦးက The Voice သို့ ပြောကြားသည်။

နယ်စပ်ဒေသများမှ ကလေးသူငယ်များ၏ ပညာရေး ဆက်လက်သင်ယူနိုင်ရန် ပညာရေးဝန်ကြီးဌာနက အခြေခံပညာ ဦးစီးဌာနများကို ညွှန်ကြားချက်များ ပေးပို့ထားကြောင်း၊ ယင်းကြောင့် အဆိုပါ ကလေးငယ်များ အားလုံးကို သင်တန်း တက်ရောက်လိုသည့် အတန်းအလိုက် စာမေးပွဲ စစ်ဆေးကာ အတန်းတက်ခွင့် ပြုထားကြောင်း အမှတ် (၁) အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

“ကလေးတွေ အရည်အချင်းရှိတယ်ဆို လက်ခံပေးတာပဲ။ အခြေခံတွေ သူတို့မသိရင် ဒီမှာစာသင်ဖို့ အခက်အခဲ ရှိလိမ့်မယ်။ ငါးတန်းလောက် ရှိတာကို ရှစ်တန်း တက်ချင်တာတော့ အဆင်မပြေဘူးပေါ့” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၏ သားသမီးများနှင့် ဒုက္ခသည်စခန်းများရှိ ကလေးငယ်များ ပြည်တွင်းရှိ အခြေခံပညာ ကျောင်းများသို့ တက်ရောက် သင်ယူလိုပါက သင်ယူပြီးမြောက်သည့် အတန်းအလိုက် စစ်ဆေးပြီး အောင်မြင်လျှင် တက်ရောက်ခွင့် ပြုကြောင်း အကြောင်းကြားစာကို ယခုနှစ် ဇွန်လ ၇ ရက်နေ့က တရားဝင် ထုတ်ပြန်ကာ ကျောင်းများသို့ ပေးပို့ထားခဲ့သည်။

ရွှေ့ပြောင်း လုပ်သားကျောင်းများမှ အထက်တန်းပညာ ပြီးဆုံးသူများသည် ထိုင်းနိုင်ငံ တက္ကသိုလ်များ၏ ဝင်ခွင့်စာမေးပွဲများ ဖြေဆိုကာ တက္ကသိုလ်ပညာ ဆက်လက်သင်ကြားခွင့် ရှိသည်။

The Voice Weekly
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger