မြန်မာ့ရိုးရာ လက်ဝှေ့ကျော်နှစ်ဦးဖြစ်သည့် စောငမန်းနှင့် တွေ့မရှောင်တို့၏ မြန်မာပြည်ချန်ပီယံလုပွဲတွင် အနိုင်အရှုံး အဖြေမပေါ်ခဲ့ဘဲ ပူးတွဲသရေ ရလဒ်သာ ဖြစ်ပေါ်ခဲ့သည်။
လက်ရှိ မြန်မာပြည်ချန်ပီယံအဖြစ် သတ်မှတ်ခံထားရသူ စောငမန်းနှင့် ပရိသတ်အကြိုက် တွေ့မရှောင်တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံသည့် အဆိုပါပွဲစဉ်သည် ပြိုင်ပွဲမတိုင်ခင်ကပင် ပရိသတ်စိတ်ဝင်စားမှု အရှိန်မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီလ ၁၇ ရက်က ကျင်းပခဲ့သည့် လက်တွေ့ပြိုင်ပွဲတွင်လည်း သိမ်ဖြူအားကစားရုံ လျှံထွက်သည်အထိ ပရိသတ်များ လာရောက်အားပေးခဲ့ကြသည်။
မြန်မာပြည်၏ အမြင့်ဆုံးပွဲစဉ်ဟု ပွဲကြေညာသူက ကြော်ငြာခဲ့သည့် စောငမန်းနှင့် တွေ့မရှောင်တို့၏ ပထမအချီမှ တတိယအချီအထိ ယှဉ်ပြိုင်ချိန် အချိန်ပိုင်းသည် ပရိသတ်အကြိုက်ဖြစ်ခဲ့ရပြီး နောက်ဆုံးနှစ်ချီ၌မူ အားလျော့သွားခဲ့ရပြီး သရေရလဒ်ကို မကျေနပ်သည့် ပရိသတ်အချို့က အားမရဖြစ်ခဲ့ကြသည်။
စောငမန်းအနေဖြင့် ယခုပွဲစဉ်တွင် ၎င်း၏ကစားဟန်ဖြစ်သည့် အပူးအကပ် အရမ်းများခြင်းမရှိဘဲ လက်သီးများ ထွက်လာခဲ့ပြီး တွေ့မရှောင်၏ ခံနိုင်ရည်ရှိမှုကလည်း ပိုမိုပေါ်လွင်ခဲ့ကာ အပြန်အလှန် ယှဉ်ပြိုင်နိုင်ခဲ့သည်။ နောက်ဆုံးနှစ်ချီတွင် တွေ့မရှောင်က သက်လုံပိုင်း အသာရခဲ့သည့်အတွက် လိုက်ထိုးနိုင်ခဲ့သော်လည်း စောငမန်းဘက်မှ ဖွင့်မယှဉ်ပြိုင်ခဲ့ဘဲ ထိန်းကစားခဲ့ကာ သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်ဘက်က အခက်အခဲကတော့ သက်လုံပိုင်းပါပဲ။ သူ(တွေ့မရှောင်)က ပွဲစိပ်တဲ့အတွက် သက်လုံပိုင်း ပိုကောင်းခဲ့ပြီး ကျွန်တော်ကတော့ ပွဲတွေဝေးနေတဲ့အတွက် သက်လုံပိုင်း သိပ်မကောင်းဘူး ဖြစ်နေတာ”ဟု စောငမန်းက ပွဲအပြီးတွင်ပြောသည်။ ယခုပွဲမတိုင်ခင်က တွေ့မရှောင်ကို အလဲထိုး အနိုင်ယူပြီးပါက ရိုးရာလက်ဝှေ့လောကမှ အနားယူမည်ဟု ပြောကြားထားခဲ့သော်လည်း သရေရလဒ်သာ ဖြစ်ပေါ်ခဲ့သည့်အတွက် အနားယူမည် မဟုတ်သေးကြောင်းလည်း စောငမန်းက ဆက်လက်ပြောသည်။
မြန်မာပြည်ချန်ပီယံလုပွဲ မတိုင်ခင် ကျင်းပခဲ့သည့် အခြားပွဲစဉ်ခြောက်ပွဲတွင် မိုးသီးနှင့် အောင်ခဲစော၊ လှစ်လှစ်လေးနှင့် ဖိုးလပြည့်၊ ကြယ်လေးနှင့် ရဲမြင့်အောင်၊ ဒေါင်းသည်းခြေနှင့် စောဂေါ်မူတိုတို့၏ ပွဲစဉ်များမှာ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ကျန်ပွဲစဉ်နှစ်ပွဲတွင်မူ ၀င်းမောက်က နေလင်းအောင်ကို ပထမအချီ၌လည်းကောင်း၊ တူးတူးက သတ္တိအောင်ကို စတုထ္တအချီတွင်လည်းကောင်း အလဲထိုးအနိုင်ယူခဲ့သည်။
Fight Video >>> http://www.youtube.com/

0 comments:
Post a Comment