Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ဗုံးဖောက်ခွဲမှု သံသယဖြင့် ဖမ်းဆီးခံထားရသူက ကေအင်န်ယူမှ ဗိုလ်မှူးအဆင့်ရှိသူ စေခိုင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ၀န်ခံထားဟုဆို

ဗုံးဖောက်ခွဲမှု သံသယဖြင့် ဖမ်းဆီးခံထားရသူက ကေအင်န်ယူမှ ဗိုလ်မှူးအဆင့်ရှိသူ စေခိုင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ၀န်ခံထားဟုဆို

Written By kawknyaw on Thursday, October 17, 2013 | 10/17/2013

ကုန်သည်ကြီးများ ဟိုတယ် ဗုံးဖောက်ခွဲမှုတွင် သံသယဖြင့်ဖမ်းဆီးခံထားရသူက ၎င်းသည် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး၏ ခိုင်းစေခြင်းကြောင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု ၀န်ခံထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်(နေပြည်တော်)မှ ရဲအရာရှိတစ်ဦးကပြောကြားသည်။

““စစ်ဆေးချက်အရတော့ စေခိုင်းချက်အရ အခကြေးငွေယူပြီး ဖောက်ခွဲရေးလုပ်တာလို့ သိရတယ်။နိုင်ငံရေးဆွေးနွေးပွဲတွေ ထဲထဲဝင်ဝင်လုပ်နေတဲ့အချိန်မှာ ဆွမ်းဆန်ထဲ ကြွက်ချေးရောပါတဲ့သူတွေပါ။ KNUအဖွဲ့အစည်းက ဗိုလ်မှူးအဆင့်ရှိတဲ့သူကစေခိုင်းတာလို့ ၀န်ခံထားပါတယ်””ဟု အထက်ပါအရာရှိက ပြောကြားသည်။

ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယရှိသူ ကရင်ပြည်နယ် ဖာပွန်မြို့နယ် သူ့မွဲထကျေးရွာတွင်နေထိုင်သော စောမြင့်လွင်(ခ)မောထအား အောက်တိုဘာ ၁၅ရက်တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သက်ဆိုင်ရာကထုတ်ပြန်ခဲ့သည်။

စော်ဘွားကြီးကုန်းကားမှတ်တိုင်၌ ပေါက်ကွဲမှု၊ သာကေတမြို့နယ်၊ အခွန်လွတ်ဈေးအနီး ပေါက်ကွဲမှု၊ အလုံကမ်းနားလမ်းရှိ Western Park 2(Ruby) စားသောက်ဆိုင် စားပွဲအောက်တွင် ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် မိုင်းဗုံးထားခဲ့မှုနှင့် ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုတို့အတွက် စောမြင့်လွင်ကို သံသယရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ သံသယရှိသူ စောမြင့်လွင်သည် ကုန်သည်ကြီးများဟိုတယ်တွင် အောက်တိုဘာ ၁၂ ရက်မှ ၁၃ရက်ထိ တည်းခိုခဲ့ပြီး ၎င်းတည်းခိုခဲ့သည့် အခန်းနံပါတ် ၉၂၁ တွင် အောက်တိုဘာ ၁၄ ရက် ည ၁၂ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

““ကျွန်တော်တို့ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ လေ့လာစုံစမ်းဆဲဖြစ်တယ်။ ဒါဟာ တကယ်ဖြစ်တယ်ဆိုရင်တော့ ငြိမ်းချမ်းရေးကို သွားနေတဲ့ခရီးမှာ ငြိမ်းချမ်းရေးကိုပျက်စီးအောင်လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သဘောထားပါတယ်””ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရဘက်မှ တရားဝင်ဆက်သွယ်မေးမြန်းမှုမရှိသေးကြောင်းနှင့် ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် တရားသဖြင့် အမှန်အကန်ဆုံးဖြစ်အောင် လေ့လာဖော်ထုတ်သွားမည်ဟု ဖဒို မန်းငြိမ်းမောင်က ဆိုသည်။

စောမြင့်လွင်သည် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။ သံသယရှိသဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ စောမြင့်လွင်နှင့် တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုတွင် သံသယရှိထားသူ စောထွန်းထွန်းတို့၏ ကိုယ်ရေး အချက်အလက်များ ရရှိနိုင်ရန်အတွက် နီးစပ်သူများက သတင်းပေးပို့ကူညီပေးရန် ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းတို့၏ ဓာတ်ပုံများနှင့်အတူ နိုင်ငံပိုင် ရုပ်သံမီဒီယာများမှတစ်ဆင့် အောက်တိုဘာ ၁၆ ရက် တစ်နေ့လုံး အကြိမ်များစွာ ထုတ်လွှင့်ခဲ့သည်။ စောထွန်းထွန်းကိုမူ အောက်တိုဘာ ၁၆ ရက်အထိ ဖမ်းဆီးရမိခြင်းမရှိသေးပေ။

ယခုရက်ပိုင်းအတွင်း ဒေသအနှံ့တွင် ဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ အရေအတွက် အတိအကျ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း သံသယရှိသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီး အောက်တိုဘာ ၁၆ ရက်ညက မွန်ပြည်နယ်ဘီးလင်းမြို့နယ်ရှိ ရွှေဖူးသတ္တုတူးဖော်ရေးကုမ္ပဏီမှ ယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါယာဉ်မောင်းကို စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင် စေတီမုခ်ရှိ ကားပါကင်ပေါက်ကွဲမှုဖြစ်စဉ်တွင် သံသယရှိမှုဖြင့် စီစီတီဗီမှတ်တမ်းများအရ ဖမ်းမိခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger