Saturday, October 26, 2013
အရေးအကြီးဆုံး ကိစ္စရပ်အဖြစ် တိုင်းပြည်တွင် ညီညွတ်မှုရှိရန် လိုအပ်ပြီး
ညီညွတ်မှု ရရှိနိုင်စေရန်အတွက် တိုင်းရင်းသားများ ယုံကြည်အားကိုးပြီး
၎င်းတို့အား အကာအကွယ် ပေးနိုင်သည့် အခြေခံဥပဒေအား ခိုင်ခိုင်မာမာ
ပြဋ္ဌာန်းနိုင်ရန် လိုအပ်ကြောင်း အရှေ့ပိုင်း ခရိုင်အတွက် တတိယ အကြိမ်မြောက်
ပြုလုပ်သည့် အခြေခံ ဥပဒေဆိုင်ရာ ပြည်သူလူထု ဆန္ဒသဘောထား ခံယူပွဲ ကျင်းပစဉ်
NLD ပါတီနာယက ဦးတင်ဦး က ပြောကြားခဲ့သည်။
ဒဂုံမြို့သစ်မြောက်ပိုင်း၊
စစ်ကိုင်းလမ်းရှိ ၀င်းသူဇာ ခန်းမတွင် အောက်တိုဘာ ၂၅ ရက် ညနေ ၃ နာရီမှ ၆
နာရီအထိ ပြုလုပ်သည့် အခြေခံ ဥပဒေဆိုင်ရာ ပြည်သူလူထု သဘောထား ခံယူပွဲ
အခမ်းအနားသို့ လူဦးရေ ၁၀၀၀ ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်သူများ၏ ၉၈ ဒသမ ၅
ရာခိုင်နှုန်းက အခြေခံဥပဒေ ပြင် ဆင်ရေးကို ထောက်ခံခဲ့ကြသည်။
ထို့အပြင်
နာယက ဦးတင်ဦးက ၂၀၀၈ အခြေခံ ဥပဒေသည် ဒီမိုကရေစီ စနစ်သို့ ဦးတည်သည်ဟု
ပြောဆို ခဲ့သော်လည်း လက်တွေ့တွင် ဗဟိုဦးစီး စနစ်ဖြင့် ချုပ်ကိုင်ထားသည်ဟု
ပြောကြားလိုက်သည်။ ထို့နောက် ဦးတင်ဦးက အခြေခံဥပဒေနှင့် ပတ်သက်၍
''ပြင်ဆင်မယ်လို့ ပြောလိုက်တာနဲ့ အခြေခံဥပဒေက ပြင်လို့ ရတယ် ပြောပေမယ့်
ပုဒ်မ ၄၃၅၊ ၄၃၆ က ပြင်လို့မရအောင် လုပ်ထားတာ ဖြစ်တယ်။ အဲဒီအချက်က
အရေးကြီးပါတယ်'' ဟု ပြောကြားလိုက်ပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ
ဆိုသည်မှာ ဥပဒေ အားလုံး၏ မဏ္ဍိုင်ဖြစ်သောကြောင့် ခိုင်မြဲရန် လိုအပ်သည်။
ထို့အပြင် မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် (၁) အုပ်ချုပ်ရေး (၂) ဥပဒေပြုရေး (၃)
တရားစီရင်ရေးတို့အား ဟန်ချက်ညီညီ ထိန်းညှိနိုင်ရမည် ဟုလည်း ဖြည့်စွက် ပြော
ကြားသည်။
ထို့အပြင် မည်သည့် အချက်များကို ပြင်ဆင်ပါက ရှေ့လျှောက်
လုပ်သာကိုင်သာ ဖြစ်မည်ကို ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဦးတင်ဦးက
အခြေခံဥပဒေအား ပြင်ဆင်ရေးဆွဲပါက တစ်ဖွဲ့တည်း၊ တစ်ဦးတည်း အတွက် မဟုတ်ဘဲ
ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်ရန်နှင့် ပြည်သူလူထု အားလုံးအား အကာအကွယ်
ပေးနိုင်ရန် အရေးကြီးသည်ဟု ပြောကြားသည်။
အခြေခံဥပဒေ တစ်ခု၏
နိဒါန်းတွင် မေတ္တာတရားထားကာ ရေးသားရန် လိုအပ်ကြောင်းနှင့်
တိုင်းသူပြည်သားများ ပျော်ရွှင်စေရန် ရည်ရွယ်ချက် ထားရှိရမည်ဟု ၎င်း၏
အတွေ့အကြုံများအပေါ် မူတည်ကာ ရှင်းပြခဲ့သည်။ ၁၉၄၇ ခုနှစ် ဥပဒေတွင် တိုင်းသူ
ပြည်သားများ လွတ်လပ်စွာ ရေး သား၊ ပြော ဆို တွေးခေါ်နိုင်ရန် ထည့်သွင်းရေးဆွဲ
ခဲ့သဖြင့် ဦးသန့်ကဲ့သို့သော တိုင်းပြည်ဂုဏ်ဆောင် ပုဂ္ဂိုလ်များ
ပေါ်ထွန်းခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ၀မ်းစာရှာဖွေ စားသောက်ရာတွင်
တန်းတူညီမျှခွင့် ပေးထားသောကြောင့် ပြည်သူအများ ချမ်းသာခဲ့ကြသည်ဟုလည်း
ပြောကြားခဲ့သည်။ ထို့အပြင် အခြေခံဥပဒေကို နိုင်ငံတိုင်းတွင်
ခေတ်နှင့်လျော်ညီစွာ (သို့မဟုတ်) ပြည်သူလူထု၏ သဘောဆန္ဒအရ ပြင်ဆင်သုံးစွဲ
ခဲ့ကြောင်းကိုလည်း ပြောကြားခဲ့သည်။
ထို့အပြင် တရားလွှတ်တော်ရှေ့နေ
ဦးကိုနီက လွတ်လပ်ရေး ကြေညာစာတမ်း အပုဒ် ၅ တွင် ပါဝင်သည့် ပြည်ထောင်စု
မြန်မာနိုင်ငံတော်သည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်စည်းတည်း ပိုင်ဆိုင်သည့်
နိုင်ငံတော် မဟုတ်ဘဲ မြန်မာနိုင်ငံသားအားလုံး အညီအမျှ ပိုင်ဆိုင်သည့်
နိုင်ငံတော်ဖြစ် သည်ဟု ကြေညာခဲ့ကြောင်း ပြောကြားခဲ့ပြီး ၁၉၆၂ ခုနှစ်မှ
စတင်ကာ လူတစ်ဦး တည်းပိုင် ဖြစ်သွား ခဲ့သောကြောင့် နိုင်ငံနှင့် ပြည်သူများ
အလွန်အမင်း ဆင်းရဲခဲ့ရကြောင်း၊ နောက်တစ်ကြိမ် ထိုအဖြစ်မျိုး
ထပ်မံမဖြစ်ရလေအောင် အားလုံးဝိုင်းဝန်း ထိန်းသိမ်းရန် လိုသည်ဟု
ပြောကြားခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာသည့် ဦးသန်းဝင်းက
''အန်ကယ်အနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေကို မဖတ်ဖူးဘူး။ ဒါပေမဲ့ ဦးကိုနီ
ဟောပြောပွဲတွေကို လိုက်နားထောင်တော့ သူတို့က ပြင်ဆင်လို့ရတဲ့ နည်းတွေရှိတဲ့
အကြောင်း ပြောပြတယ်။ အန်ကယ်အနေနဲ့ အသစ်ရေးတာကို မကြိုက်ဘူး။
ဘာလို့လဲဆိုတော့ တိုင်းပြည်မှာ ငွေကုန်တာမျိုး၊ နောက်ပြီး စိတ်ဝမ်းကွဲ
ကုန်တာမျိုးတွေ မဖြစ်ချင်ဘူး။ အခုရှိနေတဲ့ ဆက်ဆံရေးကို ဒီထက်
ပိုကောင်းစေချင်တယ်။ ဒါကြောင့် ပြင်ဆင်တာကိုပဲ သဘောကျ တယ်'' ဟု
ဖြေကြားခဲ့သည်။
ထို့နောက် The Daily Eleven ၏ မေးမြန်းချက်ကို
ရှေ့နေဦးကိုနီက ''ဦးရွှေမန်းက ပုဒ်မ ၅၉ ကိုပြင်ဖို့ လိုတယ်လို့ ပြောတာ။
အဲဒါ သူ့တစ်ယောက်တည်းရဲ့ သဘောထားပဲလေ။ ၂၀၀၈ အခြေခံ ဥပဒေထဲမှာပါတဲ့
နည်းလမ်းအတိုင်း ၇၅ ရာခိုင်နှုန်းကျော် သဘောတူမှ ဆန္ဒခံယူပွဲတွေ
ဘာတွေလုပ်ရမှာ'' ဟု ပြန်လည် ဖြေကြားခဲ့သည်။
Eleven
0 comments:
Post a Comment