Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ကြက်တူရွေး၊ အကျဉ်းထောင်နှင့် စာသင်ကျောင်း

ကြက်တူရွေး၊ အကျဉ်းထောင်နှင့် စာသင်ကျောင်း

Written By kawknyaw on Sunday, January 8, 2012 | 1/08/2012


ကြက်တူရွေးများသည် သင်ပေးသမျှသောစကားများကို ၏၊ သည် မလွဲ ပြန်ပြောတတ်သည်ဟု ငယ်ငယ်ကတည်းက ကျနော် ကြားဖူးပါသည်။ ကျနော် နေထိုင်ရာ ရန်ကုန်မြို့ကြီးတွင် ယခင်က ကြက်တူရွေး များကို ရန်ကုန်တိရစ္ဆာရုံနှင့် လမ်းမတော်သံဈေးတွင်သာ တွေ့နိုင်ပါသည်။ ကြက်တူရွေးများကို မြင်ရသည်နှင့် မည်သူမဆို ကလေးလူကြီးမရွေး ချစ် ခင်စိတ်များ ဖြစ်ပေါ်ရပါသည်။ ကြက်တူရွေးများကို မြန်မာနိုင်ငံအလယ်ပိုင်းနှင့်
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် တွေ့ရ တတ်သည်ဟု ကြားဖူးပါသည်။ ကိုယ်တိုင်တော့ မရောက်ဖူးသည်အတွက် အသေအချာမသိပါ။ ရပ်ကွက်တိုင်း၊ မြို့နယ် တိုင်းတွင် မရှိသည်ကတော့ လွန်စွာသေချာပါသည်။ သို့သော် ယခု မြန်မာနိုင်ငံတော်ကြီးတွင် ကြက်တူရွေးလေးများ၊ ကြက်တူရွေးကြီးများ၊ ကြက်တူရွေးလူပျို၊ ကြက်တူရွေးအပျိုမ၊ ကြက်တူရွေးတခုလပ်၊ ကြက်တူရွေး တလင်ကွာ၊ ကြက် တူရွေး မုဆိုးမများ များစွာရှိနေပါသည်။
…………………..
လူ့ဘဝဆိုသည်မှာ အလွန်ရခဲစွာသော ဘဝ ဖြစ်ကြောင်းကို ဗုဒ္ဓမြတ်စွာဘုရားက “မနုဿတ္တဘာဝေါ ဒုလ္လာဘော” ဟု မိန့်ကြားခဲ့ပါသည်။လူ့တန်ဖိုး၊လူ့သိက္ခာ၊လူ့အခွင့်အရေး မှန်သမျှကို လူတိုင်းအတွက် လူတိုင်းက ဆောင်ရွက်ပေးရမည်မှာ လူသားတို့အတွက် အဓိကတာဝန်ပင် ဖြစ်ပါသည်။ ထိုသို့မဟုတ်မူဘဲ လူ့အဖွဲ့အစည်းအား နှောင့်ယှက်၊ တိုက်ခိုက်၊ ရန်မူ၊ ဒုက္ခပေးသည့် ကိစ္စရပ်များ ပေါ်ပေါက်လာရသည့်အခါတွင် လူတဦးစီ၏ ပုဂ္ဂလဘဝလုံခြုံမှု၊ ဥပစာလုံခြုံမှု၊ ဥစ္စာဓနလုံခြုံမှု၊ လူအချင်းချင်း ဆက်ဆံရေးဆိုင်ရာ လုံခြုံမူများကို တည်ဆဲဥပဒေတစုံတရာနှင့် ကာကွယ်ပေးနိုင်ရန် လိုအပ်လာပါသည်။ သို့အတွက် လူ့အဖွဲ့အစည်းအား အန္တရာယ်ပေးတတ်သူများ၏ အကျင့်စာရိတ္တကို ပဲ့ပြင်ထိန်းကျောင်းတည့်မတ်ပေးနိုင်ရေး အတွက် ထောင်များ ပေါ်ပေါက်လာရပါသည်။
မြန်မာနိုင်ငံတွင်လွတ်လပ်ရေးရပြီးနောက် ၁၉၉၈ ခုနှစ်အထိ အကျဉ်းထောင် ပေါင်း (၃၄)ထောင် ရှိကြောင်း သိရပါသည်။ ထိုထောင်များသည် အကျင့်စာရိတ္တကို ပြုပြင်ပေးရန် နေရာမဟုတ်တော့ဘဲ လူ့အခွင့်အရေးများကို (၂ဝ၁ဝ) ခုနှစ်အထိ အကြွင်းမဲ့လုံးဝဥဿုံဖျက်သိမ်းထားသော အကျဉ်းထောင်စနစ်ဖြစ်ကြောင်း လူတိုင်းလိုပင် သိရှိကြပါသည်။ သမတ အ သစ် ဦးသိန်းစိန်၏ လက်ထက်ဟုဆိုအပ်သော ယခုအချိန်တွင် အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အခြေအ နေတိုးတက်လာခြင်းနှင့် စာအုပ်စာတမ်းဖတ်ရှုခွင့်များ ရကြသည်ဟု ကြားရသည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါ သည်။
တနေ့တွင် တပည့်ဟောင်းသားအဖနှစ်ဦးအား ရန်ကင်းလမ်းမတွင်တွေ့ရာ တပည့်လေး၏ သားဖြစ်သူမှာ ကျောပိုးအိတ် လေး လွယ်ထားသည်ကို မြင်သည့်အတွက် ကလေးအား “သား ဘယ်သွားမလို့လဲ” ဟု မေးလိုက်သည့်အခါ သူက “တူရှင်” ဟု ဖြေပါသည်။ ထိုအခါ အဖေဖြစ်သူက သားကို “မူကြိုထားတော့မှာ မို့လို့ မူကြိုဆရာမက ကျောင်းမတက်ခင် နှစ်လလောက် သူ့အိမ်မှာ ကျူရှင်လာသင်ပါဆိုလို့ သွားပို့ မလို့ပါဆရာ” ဟု ပြောလိုက်သည့်အခါ ကျနော့်မှာ ဆက်မေးစ ရာ၊ ဆက်ပြောစရာ စကားမရှိအောင် ဆွံ့အသွားခဲ့ရပါသည်။
ငယ်ဆရာမတယောက်သည် လက်ပံတန်းမြို့နယ် ကျောင်းတကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးအဖြစ် တာဝန်ထမ်း ဆောင်ပြီးသည့်နောက် သက်ပြည့်ပင်စင်ယူကာ ပုဇွန်တောင်မြို့နယ် နေအိမ်သို့ ပြန်လည် ရောက်ရှိလာပါသည်။ ဆရာမ ကြီးက ကျနော့်ကို တွေ့ချင်သည်ဟု အကြောင်းကြားလာသည့်အတွက် ဆရာမကြီးထံ ကျနော် ရောက်သွားပါသည်။ ဆရာမကြီးက ကျနော့်ကို  “သားရေ မင်းတို့ရဲ့ အတန်းပိုင်ဆရာမဖြစ်တုန်းက ကျောင်းမှန်မှန်မတက်ရင် အပြစ်ပေးခဲ့တယ် နော်….. နယ်ရောက်သွားတော့ ဘယ်လိုမှ ကျောင်းစည်းကမ်းတွေ ထုတ်လို့မရတော့ဘူးဟာ၊ ကလေးတွေမှာ မိဘတွေရဲ့ လယ်အလုပ်ကို ကူလုပ်နေကြရတာမို့ တပတ်ဆယ်ရက်ပျက်လိုက်၊ ကျောင်းတက်လိုက်၊ ပြန်ပြီး ကျောင်းပျက်လိုက်နဲ့.. ငါလေ နယ်ရောက်တော့မှ နိုင်ငံတခုလုံးနဲ့ချီပြီး စဉ်းစားမိတော့ စိတ်မကောင်း လိုက်ရတာ” ဟု ဆရာမကြီး၏ ရင်ဖွင့်သံ ကို ကြားရသည့်အခါ ကျနော်ပါ စိတ်မကောင်း ဖြစ်ခဲ့ရဖူးပါသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ခွင့်ပြုထားသော ကစားခုန်စားနည်းများရှိပါသည်။ ယင်းတို့မှာ (၁) ခြင်းလုံး (၂) ဘော်လီဘော (၃) ကျားထိုး (၄) နှစ်တန်းဘား (၅) ဘောလုံး (၆) နပန်း (၇) ကျန်းမာရေးလေ့ ကျင့်ခန်း (၈) ကျား တောက် (၉) ဟော်ကီရိုက် (၁ဝ) တာဝေးခုန် စသည်တို့ ဖြစ်ပါသည်။ ထိုသို့ခွင့်ပြုထားသော်လည်း အမှန်တကယ်တော့ မည်သည့် ကစားခုန်စားနည်းမှ ပြုလုပ်ခွင့်မရှိပါ။
မြန်မာနိုင်ငံရှိ ကျောင်းအဝန်းအဝိုင်းများသည် အတန်ကျယ်ပါသည်။ အထူးသဖြင့် မြို့သစ်ရှိ ကျောင်းများသည် တော် တော့်ကို ကျယ်ပါသည်။ ဆိုလိုသည်မှာ အားကစားအတွက် လုံလောက်သော အကျယ်အဝန်းရှိသည်ဟု ပြောလိုခြင်းဖြစ် ပါသည်။ သို့ရာတွင် နိုင်ငံတော်မှလည်း အထောက်အပံ့မရ၊ ကျောင်းသားမိဘများမှာလည်း မနက်စာနှင့်ညစာ မှန်အောင် မနည်းကြိုးပမ်းနေကြရသည့်အတွက် သားသမီးများ၏ ကျောင်းကိစ္စအတွက် အကူအညီထပ်မံမပေးနိုင်၊ ရပ်ကွက်လူကြီး တာဝန်ရှိသူများကလည်း အကူအညီပေးရန် သူတို့၏ ခေါင်းထဲ မထည့်၊ ဆရာ၊ ဆရာမများကလည်း ကျူရှင်သင်ရန်မှ တပါး ကျန်တာ မစဉ်းစား၊ စဉ်းစားချက်ရှိပါသော်လည်း မတတ်နိုင်၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် လူလာဖြစ်ရသော ကလေးများအတွက် အားကစားဆိုသည်မှာ ဂိမ်းကစားရန်မှတပါး အခြားမရှိ။ ဂိမ်းမရှိက ဘာမှမရှိ။
တနေ့တွင် “ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံပွင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း” ဟု တညီ တညာတည်းသံပြိုင်သီကြွေးနေရာ စာသင်ခန်းတခုအတွင်းသို့ ကျနော် ရောက်ရှိသွားပါသည်။ ကလေးများက အ ယောက် လေးဆယ်ကျော်၊ တိုက်ခန်းကလေးက ကျဉ်းကျဉ်း၊ မွန်းကြပ်လိုက်ပါဘိ။ ကျနော့် မျက်လုံးထဲ ကျနော် အချုပ် ကျခံခဲ့ရသည့် နေရာလေးအား မျက်လုံးထဲ တန်းကနဲ မြင်လိုက်မိပါသည်။ အချုပ်သားက ခြောက်ဆယ်ကျော်၊ အခန်းက လေးက ကျဉ်းကျဉ်း၊ ကျနော့်ကို ဖမ်းသည့်ပုဒ်မက ၁၉၈၄ ခုနှစ် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ ဥပဒေ ပုဒ်မ၂၃ (ခ) အရ လိုင် စင်မရှိဘဲ စာသင်မူ။ အချုပ်ထဲတွင် သူခိုးလေးများ၊ လူသတ်ခဲ့သည့်သူများ၊ အစိုးရပစ္စည်းခိုးသူများ၊ ဘိလပ် မြေအိတ်အတုလုပ် သူများနှင့် ကျနော့်မှာ တပျော်တပါး ယားနာကုတ်ရင်း နေခဲ့ဖူးပါသည်။
ဒုက္ခသည်စခန်းအတွင်းမှာ ကျောင်းသားတယောက်နှင့် စကားပြောဖြစ်ခဲ့ပါသည်။ သူက ပြောသည်မှာ “ကံကောင်းတယ် ဆရာရေ… ကျနော်ဆယ်တန်းမှာ ကျနော့်ရဲ့ ကျူရှင်ဆရာတွေကောင်းလို့ အောင်တာ၊ မနက် ၆ နာရီကစပြီး သင်လိုက် တာ ည ၁၂ နာရီမှ နားရတယ်။ ဒါပေမဲ့ ဆရာ…ဆရာက စဉ်းစားပြီး ဖြေခိုင်းတဲ့ မေးခွန်းတွေကိုတော့ မဖြေတတ်ဘူး၊ ဖြေ တဲ့ အကျင့်မရှိတော့ စဉ်းစားချင်စိတ်လည်း မရှိဘူး၊ ကျနော်မဖြေတာ ခွင့်လွှတ်ပါ ဆရာ” တဲ့။ ကျနော့် စိတ်ထဲမှာ ဆရာ စိတ်ပျောက်ပြီး လူမိုက်စိတ် ပေါက်သွားရပါသည်။ ပညာရေးကို ဖျက်ဆီးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးများအား…….
ကြက်တူရွေး အာခေါင်နီလေးတွေလို သင်သမျှကိုသာတတ်ပြီး တွေးမိသမျှကို မပြောတတ်ကြလို့ ၂၀၁၀ခုနှစ်ပထမ အ ကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်း၌ ‘အ’ နေသော ကြက်တူရွေးအုပ်စုကြီး ရှိနေကြောင်းကို မီဒီယာများမှ တ ဆင့် ကြားခဲ့ရ၊ သိခဲ့ရပါသည်။
ကျောင်းသားမိဘများမှာ စားဝတ်နေရေးဒုက္ခနှင့် နေ့စဉ်စီးချင်းထိုးနေရပါသည်။ မိမိတို့၏ ရင်သွေး လေးများအတွက် ကျောင်းကိစ္စ၊ ကျူရှင်ကိစ္စ၊ ကျူရှင်ကိစ္စဆိုရာတွင်လည်း နှစ်မျိုးရှိနေပြန်ပါသည်။ ပုဂ္ဂလိက ကျူရှင်တခုတည်း ထားလို့မရ၊ ကျောင်းမှဆရာမ ကျူရှင်ကိုလည်း ထားနေရပါသည်။ ထိုအခါ ကလေးများသည် မနက် မျက်စိနှစ်လုံးပွင့်သည်မှ အိပ် သည့်အချိန်အထိ ကျူရှင်၊ ပြီးသည့်နောက် ကျောင်းတက်၊ ပြီးသည့်နောက် ကျူရှင် ပြန်တက်ပြီး သင်သမျှကို အလွတ် ကျက်ရပါသည်။ ဆရာမ က မေးသောအခါ “၏” “သည်” မလွဲ ပြန်ဖြေနိုင်အောင် ကြိုးစားရနှင့် လူစင်စစ်ကလေးများမှ သည်   ကြက်တူရွေးလေးများဖြစ်ကာ ထောင်စနစ်နှင့်တူသော ပညာရေးစနစ်ကြီး၏အောက်တွင် အာဟာရချို့ချို့တဲ့တဲ့ နှင့် ချိချိနဲ့နဲ့ဖြစ်ကာ လူသေးလေးများအဖြစ် ကြီးပြင်းလာရခြင်းကို မြန်မာနိုင်ငံတော်မှ တာဝန်ရှိလူကြီးမင်းများ လျစ်လျူ ရှုခြင်းမပြုကြရန် လေးစားစွာဖြင့် ရေးသားတင်ပြအပ်ပါသည်။
သန့်ဇင်အောင်(ရန်ကင်း)
၈.၁.၂၀၁၂
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger